ကာမိုင်းမြို့၌ မိုးများမှု‌ကြောင့် တံတားချဉ်းကပ်ကားလမ်း ပျက်ကျ

mdn

မိုးညှင်း   အောက်တိုဘာ   ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ အထက်ဘက်မှ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောက်တိုဘာ ၂၂ ရက် နံနက် ၁၁ နာရီခန့်တွင် ကာမိုင်း-လဝါးသွား ကားလမ်းပေါ်ရှိ ပေ ၉၀၀ တံတား အစပ်အောက်ခြေအား ရေတိုက်စားသွားသဖြင့် တံတားချဉ်းကပ်ကားလမ်း ပျက်ကျခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၁ ရက်က တနိုင်းမြို့နယ်ဘက်ခြမ်းမှ မိုးသည်းထန်စွာရွာသွန်းပြီး နန့်ကောင်းချောင်းရေ ပေ ၂၀ ခန့် မြှင့်တက်လာရာမှ ကာမိုင်း-လဝါးသွားကားလမ်းပေါ်ရှိ ပေ ၉၀၀ တံတားအစပ် အောက်ခြေအား ရေတိုက်စားရာ တံတားချဉ်းကပ်ကားလမ်း အနံ ပေ ၂၀၊ အလျား ၁၀ ပေခန့် ပျက်ကျသွားပြီး ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေး ဖားကန့်မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မိုးကောင်းမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် ကာမိုင်းမြို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ယာယီသံပေါင် ဘေလီတံတား ပေ ၃၀ ခန့် အမြန်ဆောင်ရွက်သွားနိုင်ရန် ကျောက်တုံး ကျောက်ခဲများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ သယ်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)