နေပြည်တော် ဇူလိုင် ၂
၂၀၂၆ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီးဒေါ်နန်းကူးကူ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသားအရာ ရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) ရုံးဌာန အသီးသီးမှ အရာရှိ၊ စစ်သည်များ နှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က အမှာစကားပြောကြားရာတွင် ယနေ့ မိမိတို့နေထိုင်သည့် ကမ္ဘာမြေအဝှမ်းတွင် နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကြုံတွေ့နေကြရသည့် ပြဿနာသည် ရာသီဥတုပြောင်း လဲဖောက်ပြန်ခြင်း၊ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်း၊ သစ်တော ပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံ မျိုးကွဲများဆုံးရှုံးခြင်း အစရှိသည့်ကြီးမားသော သဘာဝဘေးအန္တရာယ်ပင် ဖြစ်ကြောင်း၊ အဆိုပါ သဘာဝဘေးအန္တရာယ်များကို တားဆီး ကာကွယ်ရန်နှင့် ပြန်လည်ကုစားရန်အတွက် အရိုးရှင်းဆုံးနည်းလမ်းသည် သစ်ပင်များ စိုက်ပျိုးရန်နှင့် သစ်တောများကို ထိန်းသိမ်း ကာကွယ်ရန် လိုအပ်မည်ဖြစ်ကြောင်း။
သစ်ပင်သစ်တောများသည် သက်ရှိသတ္တဝါများကို အဆိပ်အတောက် ဖြစ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို ဖယ်ရှားသန့်စင်ပေးပြီး သက်ရှိ သတ္တဝါများ အသက်ရှင် ရပ်တည်နေနိုင်ရန်အတွက် များစွာ အရေးပါသည့် အောက်ဆီဂျင်ကိုလည်း ထုတ်လွှတ်ပေးနေသည့် အပြင် ရာသီဥတုမျှတစေရန်၊ မြေဆီလွှာပျက်စီးမှု လျော့ပါးစေရန်၊ ရေကြီးရေလျှံမှုများကို ကာကွယ်ပေးရန် စသည့် သဘာဝ ဘေးအန္တရာယ်များ လျော့ပါးစေရေးအတွက်လည်း ကြီးမားသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိသည်ကို အားလုံးသိရှိထားရန် လိုကြောင်း။
မိမိတို့ ဗုဒ္ဓဘာသာအရ သစ်ပင် စိုက်ပျိုးခြင်းသည် မွန်မြတ်သည့် ကုသိုလ်တစ်ပါးဖြစ်ပြီး ထာဝရ ကုသိုလ် သို့မဟုတ် နိစ္စကုသိုလ် (နေ့စဉ်အကျိုးပေးတဲ့ ကုသိုလ်)ဟု ခေါ်ဆိုနိုင်ခြင်း ဖြစ်သည့် အတွက် ထူးကဲမွန်မြတ်ပြီး တန်ဖိုး ဖြတ်မရသည့် ကုသိုလ်ပြုခြင်း တစ်မျိုးဖြစ်ကြောင်းကို ပြောကြားလိုကြောင်း၊ လူသားတို့ နေထိုင်ရာ ကမ္ဘာမြေပေါ်တွင် သစ်ပင်၊ သစ်တောများ ရှင်သန်နေခြင်းသည် “အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်ကာလ၏ အကျိုးစီးပွား၊ အနာဂတ်ကာလ၏ ဖွံ့ဖြိုးမှု”ဟု ဆိုထားသည့်အတိုင်း နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စားရေရိက္ခာ ဖူလုံစေရေး၊ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အလွန်အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်လျက် ရှိကြောင်းကို ပြောကြား လိုကြောင်း။
မြန်မာနိုင်ငံသည် အာဆီယံ ဒေသတွင်းနိုင်ငံများ အနက် သစ်တောဖုံးလွှမ်းမှု ဧရိယာ ဒုတိယအများဆုံးနိုင်ငံ ဖြစ်သော်လည်း အပူပိုင်း ၁၃ ခရိုင် အပါ အဝင် မြေလတ်ဒေသ မြို့ကြီးများတွင် သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်း ယခုအခါ နည်းပါးသည်ကို တွေ့နေရကြောင်း၊ မကြာသေးမီ နှစ်များက စတင်ပြီး အလယ်ပိုင်း မြေလတ်ဒေသသည် ကမ္ဘာ့အပူ ချိန်အမြင့်ဆုံးစာရင်းဝင်သည် အထိ အပူချိန်တိုးလာခဲ့ကြောင်း၊ ၎င်းသည် သစ်ပင်သစ်တော နည်းပါးခြင်း၏အကျိုးဆက်ပင် ဖြစ်ကြောင်း၊ ရာသီဥတု ပူပြင်းလာသည်နှင့်အမျှ မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်းနှင့် တောမီးလောင်ကျွမ်းခြင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ပြီး သဲကန္တာရ ဖြစ်ထွန်းမှု အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် သစ်တောဖုံးလွှမ်းမှု သိသာထင် ရှားစွာတိုးလာစေရန် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို သာမက နိုင်ငံတော် တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုဝင် များအနေဖြင့် ၂၀၁၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ စုစုပေါင်း (၄၅) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ရတနာတန်းဝင်၊ စက်မှုကုန် ကြမ်းသီးနှံ၊ နှစ်ရှည်စားသုံးသီးနှံ နှင့် အရိပ်ရလေကာပင်စသည့် အပင်မျိုးစုံ ၂၁၀၈၂၅ ပင်ကို အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် ၉၀၀၊ ပျဉ်းကတိုးပင် ၃၀၀ မဟော်ဂနီပင် ၆၀၀၊ ပိတောက် ပင် ၆၀၀ စုစုပေါင်း ၂၄၀၀ ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယခုလို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပနေခြင်းသည် နိုင်ငံတော် နှင့် ပြည်သူလူထုအတွက် အကျိုး ပြုလုပ်ငန်းတစ်ရပ်ဖြစ်ပြီး စိမ်းလန်းသည့် ပတ်ဝန်းကျင်ကို ဖော်ဆောင်နေခြင်းဖြစ်ကြောင်းကို ပြောကြားလိုကြောင်း။
သစ်ပင်စိုက်ပျိုးခြင်းထက် စိုက်ပျိုးပြီးနောက် ရှင်သန်ကြီးထွားလာစေရန် ပြုစုစောင့်ရှောက်ခြင်းကလည်း ပိုပြီးအရေးကြီးကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် ထာဝရ ကုသိုလ်ပြုခြင်းဖြစ်၍ သစ်ပင်စိုက် ပျိုးရာတွင် တာဝန်ကျေစိုက်ပြီး ပစ်ထားသည့် စိုက်ပျိုးခြင်းမျိုး မဟုတ်ဘဲ “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တစ်ပင်စိုက်တစ်ပင်ရှင်၊ စိုက်သမျှ အပင်ရှင်သန်အောင်မြင်ဖြစ်ထွန်း အောင် စီမံချက်ချပြီး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
လက်ရှိကမ္ဘာကြီး၏ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များအရ လူသားအားလုံး သဘာဝဘေး အန္တရာယ်များ တွေ့ကြုံခံစားနေရမှု လျော့ပါးသက်သာစေရေး၊ အနာဂတ်တွင် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့်ရာသီဥတုကို လက်ဆင့်ကမ်းနိုင်ရေးတို့အတွက် သစ်ပင် သစ်တောများကို စိုက်ပျိုးထိန်း သိမ်းသွားကြရန် လိုအပ်ကြောင်းကို မှာကြားလိုကြောင်း၊ ထို့ကြောင့် “သစ်တောတွေထိန်း၊ တောတွေစိမ်းမှ၊ ငြိမ်းချမ်း ပြည်ရွာ၊ နိုင်ငံသာ၏” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တစ်နိုင်ငံလုံး စိမ်းလန်းစိုပြည် သာယာလှပစေရေး၊ ရာသီဥတု ပြန်လည်မျှတ ကောင်းမွန်စေရေးနှင့် သစ်ပင် သစ်တောများ၊ သစ်တောဂေဟ စနစ်များ စဉ်ဆက်မပြတ် တည်တံ့စေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်သွားကြရမည် ဖြစ်ကြောင်း။
သစ်တောသစ်ပင် စိုက်ပျိုး ထိန်းသိမ်းခြင်း လုပ်ငန်းသည် ကုသိုလ်ထူးကို ရရှိစေသည်ဖြစ်၍ စေတနာရှေ့ထားလုပ်ဆောင်သွား ကြရန်၊ “ရှင်အောင်စိုက်ပျိုး၊ ကြီး အောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တစ်ပင်စိုက်တစ်ပင်ရှင် စနစ်ဖြင့် ဖြစ်ထွန်းအောင်မြင်အောင် ရည်မှန်း ချက်ထား စိုက်ပျိုးသွားကြရန်၊ သစ်ပင်စိုက်ပျိုးရာတွင် အဖြစ် သဘောမျိုး၊ ဝတ်ကျေတမ်းကျေ စိုက်ပျိုးကြခြင်းမျိုး မဟုတ်ဘဲ စိုက်ပျိုးသည့်အပင်များ အမှန် တကယ် ရှင်သန်ဖြစ်ထွန်းစေရန် စနစ်တကျ စီမံစိုက်ပျိုးသွားကြရန်၊ မိမိတို့ တပ်မတော်အနေဖြင့် နှစ်စဉ်ကျင်းပပြုလုပ်သည့် သစ်ပင် စိုက်ပျိုးပွဲတော်ကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး တက်တက်ကြွကြွ ပါဝင်လုပ်ဆောင် သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးကြသည်။ ယင်းနောက် အခမ်းအနား တက်ရောက် လာကြသူများက သတ်မှတ်နေရာ အသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်မိသားစုများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အလားတူ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌လည်း ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ များ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည် စားသုံးသီးနှံပင်၊ အရိပ်ရလေကာ ပင်များကို စုပေါင်းစိုက်ပျိုးကြ ရာတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၌အပင် ၅၇၁၀၊ မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်၌ အပင် ၈၃၉၀၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၌ အပင်၂၄၂၀ ၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်၌ ၈၀၀၂ ပင်၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၃၆၄၅ ပင်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၌ ၁၁၁၇၁ ပင်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ ၈၄၇၅ ပင်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၌ ၇၆၉၂ ပင်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၌ ၄၁၁၁၉ ပင်၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်၌ ၅၀၆၆ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ အပင် ၉၄၀၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်၌ အပင် ၇၃၈၀၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၄၅၈၂၇ ပင်နှင့် တောင်ပိုင်းတိုင်းစစ် ဌာနချုပ်၌ အပင် ၁၀၆၄၀ တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တပ်မတော် တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်း သစ်ပင် ၁၇၈၈၇၇ ပင် ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


