ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် လှည့်လည်အသိပေး

ဇမ္ဗူသီရိ စက်တင်ဘာ ၁၉

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကို စနစ်တကျ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အများပြည်သူများ လိုက်နာသင့်သည့်အချက်များကို ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင်  အသံချဲ့စက်များဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးနှင့် ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ထားပါ၊ လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ (Face Shield) ကိုတွဲဖက် တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦးတတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏစနစ်တကျ ဆေးကြောပါ၊ အလုံပိတ်ခန်းများ အဲကွန်းခန်းများ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ၊ အိမ်အပြင်သို့ ထွက်လေ့ရှိသူများ အနေဖြင့် အိမ်ရှိ အသက် (၆၀) နှစ်အထက်  အသက်အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည် ရောဂါရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask) ကို စနစ်တကျတပ်ဆင်ပါ စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေး နှိုးဆော်ချက်များကို အများပြည်သူများ သိရှိနိုင်စေရန် အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)