ဇီးကုန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ်၊ မိုးစပါး(RS-CS) မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့များပေးအပ်

ဇီးကုန်း၊ ၉ ဇွန်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ်၊ မိုးစပါး(RS-CS) မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့များပေးအပ်ခြင်း အခမ်းအနားကို ဝက်စာပိုးကျေးရွာအုပ်စု ညောင်ဇင်ကျေးရွာရှိ လူထုအခြေပြုလေ့လာရေးစခန်းတွင် ယမန်နေ့ နေ့လည်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားတွင် သာယာဝတီခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းအောင်ဆန်းနှင့် ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးသက်အောင်တို့က အဖွင့်အမှာစကားများ ပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးက မျိုးစေ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မျိုးစပါးစိုက်ဧက (၅၀)အတွက် တစ်ဧကလျှင် တစ်တင်းခွဲနှုန်းဖြင့် တောင်သူ(၁၄)ဦးအား ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက မျိုးစေ့ထုတ်တောင်သူများအား ပေးအပ်ခဲ့ကြသည်။
အဆိုပါမျိုးစေ့များပေးအပ်ရာတွင် ဆင်းသုခ၊ ရတနာတိုးနှင့် GW-11 မျိုးစပါးများအား ပေးအပ်ခဲ့ကြောင်းနှင့် တောင်သူများအနေဖြင့် မျိုးစပါးများကိုစိုက်ပျိုးခြင်းဖြင့် တစ်ဧကအထွက်နှုန်း ကောင်းခြင်း၊ ပင်ပေါက်ညီညာခြင်း၊ အပင်ပွားနှုန်းကောင်းခြင်း၊ အနှံထွက်ချိန် ရင့်မှည့်ချိန် ညီညာခြင်း စသည့်အကျိုးကျေးဇူးများရရှိပြီး တောင်သူများအကျိုးအမြတ် ရရှိစေကြောင်းနှင့် ဌာနနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
တင့်ဆွေ(ပြန်/ဆက်)