ဟိုင်းကြီးကျွန်းတွင် ကမ်းဝေးငါးဖမ်းရေယာဉ် ၃၄ စင်း ၌ ရေယာဉ်စောင့်ကြည့်ထိန်းချုပ်နိုင်သည့် ကိရိယာ တပ်ဆင်ပြီးစီး

ဟိုင်းကြီးကျွန်း ၁၉ ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့တွင် ကမ်းဝေးငါးဖမ်းရေယာဉ်များအား ရေယာဉ် စောင့်ကြည့် ထိန်းချုပ်ရေးကိရိယာ VMS( Vessel Monitoring System) တပ်ဆင်မှု လုပ်ငန်းများကို ဒီဇင်ဘာ ၁၄ ရက်နေ့ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၉ ရက်နေ့အတွင်း ကမ်းဝေး ငါးဖမ်းရေယာဉ် စုစုပေါင်း (၃၄) စင်းတပ်ဆင်ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

 

mdn

           

ဟိုင်းကြီးကျွန်းမြို့တွင် ကမ်းဝေးငါးဖမ်းရေယာဉ် (၈၆) စင်းရှိပြီး King Royal Technologies Co.,Ltdနှင့် ရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးကိရိယာ VMS( Vessel Monitoring System) တပ်ဆင်ရန်အတွက် သဘောတူ စာချုပ်ဆိုထားသော ကမ်းဝေးငါးဖမ်းရေယာဉ် (၈၂) စင်းရှိကာ အစင်း (၃၀) တပ်ဆင်ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် Glowing Success Co.,Ltd နှင့် သဘောတူ စာချုပ်ချုပ် ဆိုထားသော ကမ်းဝေးငါးဖမ်းရေယာဉ် (၄) စင်းရှိပြီး ကိရိယာတပ်ဆင်မှု အားလုံးပြီးစီး နေပြီဖြစ်ကြောင်း မြို့ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။

           

ရေယာဉ် စောင့်ကြည့် ထိန်းချုပ်ရေးကိရိယာ VMS( Vessel Monitoring System) တပ်ဆင် ရန်ကျန်ရှိနေသည့် ကမ်းဝေးငါးဖမ်းရေယာဉ် (၅၂) စင်းကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် နေ့တွင် အပြီးတပ်ဆင်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်တစ်လုံး၏တန်ဖိုးအား အမေရိကန် ဒေါ်လာ ၁၀ဝ၀ သတ်မှတ်ထားပြီး ဂြိုဟ်တု အသုံးပြုခအဖြစ် လစဉ် အမေရိကန် ၃၉ ဒေါ်လာ ကျသင့်မည် ဖြစ်ကြောင်း၊ စက်၏တန်ဖိုးနှင့်ဂြိုဟ်တု အသုံးပြုခ တစ်နှစ်စာကိုပေါင်း၍ လေးရစ်ခွဲကာ ငွေသွင်းစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စက်စတင်တပ်ဆင်ချိန်တွင် ပထမအရစ်ကို လုပ်ငန်းရှင်က ပေးသွင်းရမည်ဖြစ်ပြီး ပေးသွင်းရန်ကျန်သည့်ငွေများကို သုံးလတစ်ကြိမ် အရစ်ကျ ငွေသွင်းသည့်စနစ်ဖြင့် လုပ်ငန်းရှင်က ပေးသွင်းသွားရန် ကုမ္ပဏီနှင့် သဘောတူစာချုပ်ချုပ်ဆို ထားချက်အရ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း King Royal Technologies Co.,Ltd မှ ကိရိယာများ တပ်ဆင်ပေးနေသူ ကိုဟိဏ်းထက်ဦး (LSP) ကပြောသည်။

           

ကမ်းဝေး ငါးဖမ်းရေယာဉ်များတွင် ရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးကိရိယာ VMS( Vessel Monitoring System) တပ်ဆင်ပြီးစီးသွားသည်နှင့်တစ်ပြိုင်နက် စောင့်ကြည့်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် Control Centre ကိုဆောင်ရွက်လျက်ရှိပြီး အသုံးပြုမည့် ဝန်ထမ်းများကိုလည်း သင်တန်းများ ဖွင့်လှစ်ကာ သင်ကြားပြသနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ကုန်ပိုင်းမှစ၍ ကမ်းဝေးငါးဖမ်းရေယာဉ်များကို VMS ကိရိယာဖြင့် စနစ်တကျ စိစစ်ကြပ်မတ်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)