Health and Safety Protocol Certified Business အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ ကျင်းပ

တောင်ကြီး စက်တင်ဘာ ၁၇

           

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ Royal Taunggyi Hotel ၌ စက်တင်ဘာ(၁၇)ရက် နံနက်(၁၀)နာရီက HSP Certified Business အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲကျင်းပကြောင်း သိရသည်။

           

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ကျန်းမာရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် Enchanting Myanmar Health and Safety Protocol စွဲမက်ဖွယ်ရာပြည်မြန်မာ - ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ထုံးလုပ်နည်း အစီအစဉ်တစ်ခုဖြစ်ပါကြောင်း၊ ၂၀၂၀ နှစ်ဆန်းပိုင်းကစခဲ့သည့် ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားလုပ်ငန်းများသည် အများကြီး ထိခိုက်နစ်နာဆုံးရှုံးခဲ့ရပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး Enchanting Myanmar Health and Safety Protocol ကိုရေးဆွဲကာ အကောင်အထည်ဖော်မှုအနေဖြင့် COVID Safe Service လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဆရာဖြစ်သင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းဆင်း ဆရာများမှတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆင့်ပွားသင်တန်းဖွင့်လှစ်၍ ကိုဗစ် ကာကွယ်ရေးနည်းလမ်းများ ဖြန့်ဝေပေးခဲ့ပါကြောင်း၊ သင်တန်းတက်ရောက်ပြီး Vaccine ထိုးပြီးသည့် ဝန်ထမ်းများရှိသည့် ဟိုတယ်၊ ဧည့်လမ်းညွှန်၊ ခရီးသွားဆက်စပ်လုပ်ငန်းများကို HSP Certified Business/ HSP Certified Trainers တံဆိပ်များ ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအသိအမှတ်ပြု HSP Certified Business လက်မှတ် များပေးအပ်မှာဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်(၄၀၉)လုံးရှိသည့်အနက် (၂၇၆)လုံးကို ဌာန(၃)ခုက စစ်ဆေးပြီး ကိုဗစ် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပြင်ဆင်ဖွင့်လှစ်ထားသည့် ဟိုတယ်များကို ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ တံဆိပ်များကို သက်ဆိုင်ရာဟိုတယ်၏ Lobby, Reception နေရာမျိုးတွင် ချိတ်ဆွဲထားခြင်းဖြင့် COVID Safe Service ဝန်ဆောင်မှုပြုသည့် နေရာတစ်ခုအဖြစ် ဂုဏ်ယူနိုင်မှာဖြစ်သလို ဧည့်သည်များ၏ ယုံကြည်မှုကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ရှေ့ဆက်ပြီး National အဆင့်၊ International အဆင့် အသိအမှတ်ပြု လက်မှတ်များကိုလည်း လျှောက်ထားရယူနိုင်ကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။

           

ဆက်လက်၍ ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးထက်အောင်နိုင်က HSP Health and Safety Protocol အကောင်အထည်ဖော်နေသည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ဟိုတယ်လုပ်ငန်းရှင်များအား HSP Certified Business အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)