နေပြည်တော် ဖေဖော်ဝါရီ ၁၅
 ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၉) ရက်မှ (၂၀) ရက်အထိ ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဂျူဒိုအားကစားနည်းဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဂျူဒိုအားကစားနည်း ပထမအကြိမ် လူရွေးချယ်လက်ရည်စမ်းပြိုင်ပွဲကို နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ကျင်းပသည်။
ယနေ့ လက်ရည်စမ်းပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/ အမျိုးသမီး) အလွတ်တန်းပြိုင်ပွဲ၊ အမျိုးသား -60 kg ပြိုင်ပွဲနှင့် အမျိုးသမီး -52 kg ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြသည်။
ပြိုင်ပွဲအပြီးတွင် ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပရာ မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းက အမျိုးသား -60 kg ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက (အမျိုးသား) အလွတ်တန်းပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမျိုးသမီး-52 kg ပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က (အမျိုးသမီး) အလွတ်တန်းပြိုင်ပွဲ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌက စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ဂျူဒိုအားကစားသမားများအတွက် လေ့ကျင့်ရေးဝတ်စုံ ဂျူဒိုကီ (၂၈) စုံနှင့် လေ့ကျင့်ရေးတိပ် 
(၂၈၈) ခု တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်