ဂုဏ်ယူမိပါသည်

ဒေါက်တာသီတာအောင်

အမျိုးသားသွေးဌာန

 

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးရှင် ဦးကြည်ဝင်း(ရာပြည့်)၏ “လူငယ်များသွေးသန့်စင်၊ အသက်ကယ်ကြစို့ ကမ္ဘာတစ်ခွင်” ဆိုတဲ့ဆောင်းပါးကို ဖတ်ရှုလိုက်ရလို့ လွန်စွာပဲ အားတက်မိပါတယ်။ ဆရာကြီးအနေနဲ့ အသက် (၇၀)ကျော်ပြီး (၁၅၃) ကြိမ်မြောက် သွေးလှူဒါန်းခဲ့တာကို အားမရနိုင်အောင် ခံစားမိလို့ နောင်မျိုးဆက်တွေကို တိုက်တွန်းခဲ့တာတွေ့ရပါတယ်။ မိမိတို့မမီလိုက်ရတဲ့ မြန်မာနိုင်ငံရဲ့ သွေးလှူဘဏ်အခြေအနေ၊ ပြည်သူများ၊ အနုပညာရှင်များ၊ အုပ်ချုပ်သူများ၊ မီဒီယာများရဲ့ တက်ကြွစွာ အကူအညီပေးမှုတွေကို သိရှိလိုက်ရလို့ အားရမိပါတယ်။

 

ဆရာကြီးဖော်ပြခဲ့သလိုပါပဲ ၁၅ ရာစုနှစ်ပိုင်း မတိုင်မီက သွေးသွင်းကုသမှုကို (Dark age) လို့ ခေါ်ဆို ရလောက်အောင် သွေးနဲ့ပတ်သက်ပြီး လွဲမှားတဲ့အတွေး အခေါ်၊ အယူအဆတွေ ရှိခဲ့ပါတယ်။

 

Rh လို့ခေါ်တဲ့ သွေးအုပ်စုလူပေါင်းများစွာ၊ တိရစ္ဆာန်ပေါင်းများစွာရဲ့ အသက်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရတဲ့ လွဲမှားသော စမ်းသပ်မှုတွေကိုလည်း ၁၇ ရာစုလောက်အထိ ပြုလုပ်ခဲ့ကြပါတယ်။ အမှန်တကယ်အကျိုးရှိကြောင်းကို ၂၀ ရာစုနှစ်မှစပြီး သိရှိခွင့်ရခဲ့လို့ သွေးကိုအသက်ကယ်နိုင်တဲ့ ကုသပစ္စည်းအဖြစ်နဲ့ စတင်ကျင့်သုံးခဲ့ကြပါတယ်။ ဒါပေမဲ့ သွေးဟာကောင်းကျိုးကိုပဲ ပေးတာမဟုတ်ဘဲ ဆိုးကျိုးလည်းရှိကြောင်းဆိုတာကို Rh လို့ခေါ်တဲ့ သွေးအုပ်စုကြောင့် ၁၉၃၉ ခုနှစ်မှာ ပြန်လည်သတိထားလာမိကြပါတယ်။

 

ဒီသွေးအုပ်စုတွေကြောင့် ဖြစ်ရတဲ့ဆိုးကျိုးကို ပြန်ကာကွယ်ဖို့ သိပ္ပံနည်းကျစမ်းသပ်သုတေသနပြုလုပ် ခဲ့တဲ့အတွက်ကြောင့် အခုချိန်မှာဆိုရင် သွေးအုပ်စုကြောင့် ဖြစ်ပေါ်တဲ့ အသက်အန္တရာယ်ဆိုတာ မတွေ့ရသလောက် ပါပဲ။ ဒါပေမဲ့ ကိုင်တွယ်သူတွေရဲ့ (Human Error) မှားယွင်းမှုကြောင့် ဆိုးကျိုးတွေကိုတော့ ကြုံတွေ့နေရ ဆဲပဲဖြစ်ပါတယ်။ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းအချိန်တွေ မှာတော့ သွေးမကြာခဏသွင်းတဲ့သူတွေမှာ တွေ့ရှိရတဲ့ အဆုတ်ရောင်ရောဂါကြောင့် သွေးသွင်းခြင်းရဲ့ဆိုးကျိုးတွေ ပြန်ပြီးဦးမော့လာတာ တွေ့ရပါတယ်။

 

အဲဒီအချိန်ကစပြီး သိပ္ပံပညာရှင်တွေရဲ့ စဉ်ဆက် မပြတ် ရှာဖွေမှုကြောင့် (Human Immunodeficiency Virus) ရောဂါပိုးဟာ သွေးကတစ်ဆင့် ကူးစက်နိုင်ကြောင်းတွေ့ရပြီး ၎င်းပိုးကိုစမ်းသပ်ဖို့အတွက် ဆက်လက်တီထွင် ခဲ့ကြပါတယ်။ ၁၉၈၅ ခုနှစ် ပတ်ဝန်းကျင်မှာ အဲဒီပိုးရဲ့ လှုံ့ဆော်မှုကြောင့်ထွက်လာတဲ့ တုံ့ပြန်ပဋိပစ္စည်းကို စမ်းသပ်နိုင်ခဲ့ကြပါတယ်။

 

ရှေးဦးစွာ အသုံးပြုခဲ့တဲ့ နည်းပညာတွေမှာ ပိုးစတင်ဝင်ရောက်ပြီး ခြောက်လကြာမှ စမ်းသပ်မှုက ပိုးဝင်ရောက်နေပြီဆိုတာ ညွှန်ပြနိုင်ခဲ့ပါတယ်။ ပိုးဝင်ရောက်ချိန်နဲ့ စမ်းသပ်မှုမှ စတင်တွေ့ရှိနိုင်မယ့် ကြားကာလကို Window Period လို့ သတ်မှတ်ခဲ့ပါတယ်။ အဲဒီကာလရှည်ကြာလေလေ သွေးစမ်းသပ်မှုက မတွေ့ပါဘူးဆိုတဲ့ အဖြေဟာ သွေးသွင်းခံရမယ့် လူနာအတွက် အန္တရာယ်ကင်းပါတယ်လို့ အာမမခံနိုင်လေလေ ဖြစ်လာပါတယ်။ အဲဒီတော့ ဘယ်အရာက လူနာတွေအတွက် အာမခံနိုင်ပါ့မလဲ။

 

ကိုယ့်ရဲ့လူနေမှုစရိုက်ဟာ ရောဂါကူးတဲ့အခြေအနေ မရှိပါဘူးဆိုတာကို တာဝန်ယူနိုင်မယ့် သွေးလှူရှင်တွေပဲ ဖြစ်လာပါတော့တယ်။ လိုအပ်လို့ အပူတပြင်း လှူဒါန်း ပေးရတဲ့သူတွေမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် သေချာစိစစ်ပြီး မှ လာရောက်လှူဒါန်းသူတွေကို ဖိတ်ခေါ်ကြရပါတော့ တယ်။ သွေးလှူဒါန်းမှုပြုရင်လည်း ပိုးကူးစက်နိုင်တဲ့ အခြေ အနေ နေထိုင်မှုစရိုက် ရှိ/မရှိကို သေချာသုံးသပ်ပေးတဲ့ မေးခွန်းဖြေဆိုမှုကိုလည်း ပြုလုပ်ရပါတယ်။ အဲဒီမေးခွန်းလွှာ တွေကို ကိုင်တွယ်ဆုံးဖြတ်ပေးတဲ့အသိပညာရှင်တွေကို မွေးထုတ်ရသကဲ့သို့ သူတို့ရဲ့လုပ်ဆောင်ချက်၊ ဆုံးဖြတ်ချက် တွေနဲ့ ထွက်ပေါ်လာတဲ့ ပိုးစစ်ဆေးမှုရလဒ် တွေကိုလည်း ပြန်လည်သုံးသပ်ရပါတယ်။ အဲဒီအချိန်ကစပြီး လူနာတွေအန္တရာယ်ကင်းဖို့အတွက် သွေးလှူရှင်များရဲ့ တာဝန်ခံယူမှုဟာ အရေးအပါဆုံး ဖြစ်လာပါတယ်။

 

လူနာတွေ လုံလောက်စွာရဖို့ဆိုတာကလည်း အရေအတွက်အားဖြင့် မတိုးပွားလာရင် ဘယ်လိုမှလိုအပ်ချိန်မှာ ကုသမှုခံယူနိုင်ဖို့ ထောက်ပံ့နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် မလိုအပ်ခင်က ကြိုတင်လှူဒါန်းမယ့် စေတနာ ရှင်တွေရဲ့ကဏ္ဍဟာ အရေးအပါဆုံး ဖြစ်လာပါတယ်။

 

ဒါဟာလည်း တိုးတက်တဲ့တိုင်းပြည်တွေက သူတို့ ပေးတဲ့ဝန်ဆောင်မှုကြောင့် ထွက်ပေါ်လာမယ့် ဆိုးကျိုးတွေကို စဉ်ဆက်မပြတ်ရှာဖွေ၊ သုံးသပ်၊ ပြင်ဆင်ခဲ့လို့ စေတနာ သွေးလှူရှင်သည်သာ လူနာတွေအတွက် အရေးပါဆုံးဆိုတာ ပေါ်လွင်လာတာဖြစ်ပါတယ်။ သွေးသွင်းကုသမှုဟာ တစ်ကမ္ဘာလုံးရှိ HIV ကူးစက်မှုရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းဖြစ်တယ်လို့ ၂၀၀၀ ပြည့်နှစ်လောက်က စထွက်ပေါ်လာပြီးတဲ့နောက် စေတနာသွေးလှူရှင်စုဆောင်းမှုကို ပညာရှင်များက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တွန်းအားပေးခဲ့ကြလို့ “ကမ္ဘာ့သွေးလှူရှင်များနေ့” ဆိုတာ ဖြစ်ပေါ် လာတာဖြစ်ပါတယ်။

 

ဒီလို တွန်းအားပေးရတာလည်း ဖွံ့ဖြိုးဆဲတိုင်းပြည် တွေရဲ့ သွေးသွင်းကုသမှုအခြေအနေတွေကို သူတို့ဘက်က ကောက်ယူထားတဲ့ (Global database for blood safety) ဆိုတဲ့ စစ်တမ်းကနေ တွေ့ရှိရလို့ပါပဲ။ အဲဒီစစ်တမ်းကို ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးရဲ့ သွေးဘဏ်လုပ်ငန်းတွေက ဖြေဆိုပေးရပါတယ်။ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ရပါတယ်။

 

ပြည်သူတွေရဲ့အားနဲ့ ပြန်ယူခဲ့ရ

၂၀၀၀ ပြည့်နှစ်ကစတာ Data မပေးနိုင်တဲ့ အခြေအနေနဲ့ စခဲ့ရပါတယ်။ ကမ္ဘာ့မြေပုံပေါ်မှာ No Data ဆိုတဲ့ အခြေအနေဟာ တော်တော်ကိုခံစားခဲ့ရပါတယ်။ ၂၀၀၂ ခုနှစ်ကစပြီး စေတနာသွေးလှူရှင် ၃၅ ရာခိုင်နှုန်းနဲ့ စခဲ့ပါ တယ်။ အဲဒီစစ်တမ်းမှာ အုပ်ချုပ်မှု၊ ဝန်ဆောင်မှုပေးတဲ့ Service ၊ သွေးလှူရှင်ကဏ္ဍ၊ သွေးမှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးစစ်ဆေးမှု၊ ထွက်ပေါ်လာတဲ့အဖြေ၊ သွေးပစ္စည်းပြင်ဆင်မှု (Component Preparation)၊ သွေးအုပ်စုစစ်ဆေး မှု၊ သွေးအုပ်စုကြောင့်ထွက်ပေါ်လာတဲ့ ပဋိပစ္စည်းတွေစစ်ဆေးနိုင်မှု၊ ကုသသူပညာရှင်တွေမှ အသုံးပြုတဲ့ရောဂါတွေရဲ့ အခြေအနေ၊ အရေအတွက်၊ သွေးသွင်းခြင်းကြောင့်ရရှိတဲ့ဆိုးကျိုးများ စသည်ဖြင့် လွန်စွာများပြားသော အချက်များ ပါဝင်ပါတယ်။ အဲဒီစစ်တမ်းရဲ့ Feedback တွေမှ အခြားတိုင်းပြည်တွေရဲ့ အခြေအနေတွေကို တွေ့ခွင့်ရတော့ ကိုယ့်တိုင်းပြည်ရဲ့ ညွှန်းကိန်းတွေကို ပြောင်းလဲအောင် ဆောင်ရွက်ဖို့လိုအပ်တယ်ဆိုတာ တွေ့လိုက်ရပါတယ်။ ဒီလိုအဆင့်ဆင့်ပြောင်းလဲမှုတွေ ကြိုးပမ်းတဲ့အခါ သွေးလှူရှင်ကိုလိုအပ်မှသာ ခေါ်ယူလာခဲ့ရင် ဒီအချက်တွေကို လုံးဝပြင်ဆင်နိုင်မှာ မဟုတ်တာ တွေ့ရပါတော့တယ်။ ဒါကြောင့် မလိုအပ်ခင် လှူဒါန်းတဲ့ သွေးလှူရှင်စုဆောင်းမှုကို ပြည်သူတွေရဲ့အားနဲ့ ပြန်ယူခဲ့ရပါတယ်။

 

၂၀၁၄ ခုနှစ်မှာ International Society of Blood transfusion က Developing Country Award ကို မြန်မာနိုင်ငံက ရယူနိုင်ခဲ့ပါတယ်။ ဒါဟာလည်း စေတနာသွေးလှူရှင် ၃၅ ရာခိုင်နှုန်းကနေ ၉၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့မှု ကြောင့်ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ သွေးသုံးစွဲမှုဟာ တစ်လကို ၃၅၀၀ ရှိခဲ့ရာမှာ လူနာက ၆၅ ရာခိုင်နှုန်း ခေါ်ယူပေးခဲ့ရပါ တယ်။ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကတော့ ဆရာဦးကြည်ဝင်းတို့လို စဉ်ဆက်မပြတ်လှူဒါန်းလိုတဲ့ သွေးလှူရှင်ကြီးတွေက ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ စမ်းသပ်တဲ့ HIV test ဟာ Window Period ခြောက်လရှိခဲ့ပြီး သွေးလှူရှင်တွေရဲ့ စမ်းသပ်တွေ့ရှိမှုမှာ ၁၀၀ မှာ တစ်ယောက်ခန့်တွေ့ရှိခဲ့ပါတယ်။

 

၂၀၁၆ ခုနှစ်မှာတော့ သွေးမှတစ်ဆင့်ပျံ့နိုင်တဲ့ ပိုးတွေရဲ့မျိုးရိုးဗီဇကို ရှာဖွေစမ်းသပ်ဖို့ ဆောင်ရွက်နိုင်ခဲ့ပါ တယ်။ ဒါဟာလည်း နိုင်ငံတော်က ထောက်ပံ့ခဲ့တဲ့အတွက် ကြောင့် ဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ တုံ့ပြန်ပဋိပစ္စည်း တွေကို စစ်ဆေးပြီး မတွေ့ရှိရတဲ့ သွေးယူနစ်တွေကို အဲဒီ Nucleic Acid နည်းပညာနဲ့ ပြန်လည်စစ်ဆေးရပါတယ်။ ပထမအသုံးပြုစဉ်ကတော့ သွေးယူနစ် ခြောက်ခုပေါင်းပြီးမှ စစ်ဆေးရတဲ့ “6 Mini Pool Method” ကို အသုံးပြုခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ သွေးယူနစ် တစ်ခုချင်းကို စစ်ဆေး နိုင်တဲ့ Individual Nucleic Acid Testing ကို တိုးမြှင့် နိုင်ခဲ့ပါတယ်။ အဲဒီ Test ဟာ HIV ပိုးဝင်ပြီး လေးရက်က ၁၁ ရက်အတွင်း စမ်းသပ်အဖြေထွက်နိုင်ပါတယ်။ ဒါ့အပြင် Test ၉၃ ခု တစ်ပြိုင်တည်းစစ်မှ ကုန်ကျစရိတ်သက်သာတာ ဖြစ်တဲ့အတွက်ကြောင့် ဒီ Test တွေကို အသုံးပြုမှုအတွက်လည်း မလိုခင်က ကြိုတင်လှူဒါန်းထားတဲ့ စေတနာရှင် တွေရှိခဲ့ဖို့ အထူးလိုအပ်လာပါတယ်။

 

သွေးလှူရှင်ရဲ့ တာဝန်ယူနိုင်မှုကို ထပ်မံညွှန်းပြ

ဒီတော့ စေတနာသွေးလှူရှင်တွေရဲ့ အရေးကြီးတဲ့ ကဏ္ဍကိုပဲ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ လုံလောက်တဲ့ အရေအတွက်မရရင် စစ်ဆေးဖို့ မဖြစ်နိုင်တော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် တာဝန်မယူနိုင်ရင် Window Period ခြောက်လရှိတဲ့ Test ကိုစစ်တဲ့ ကိန်းဂဏန်းနဲ့ Window Period လေးရက်သာရှိတဲ့ Test ကို စစ်ဆေးတဲ့အခါ တွေ့ရမယ့် ကိန်းဂဏန်းဟာ ပိုမိုများလာနိုင်ပါတယ်။ အဲဒီအချက်တွေဟာ သွေးလှူရှင်ရဲ့ တာဝန်ယူနိုင်မှုကို ထပ်မံ ညွှန်းပြနေပါတယ်။

 

ပြန်ကောက်ရရင်တော့ ၂၀၀၂ ခုနှစ်က တစ်လကို အရေအတွက် ၃၅၀၀ လိုအပ်တာ လူနာရှင် ၆၅ ရာခိုင်နှုန်း ရှာရတယ်။ စစ်ဆေးတဲ့ Test က Window Period ခြောက်လရှိတယ်။ ၁၀၀ မှာ တစ်ယောက်တွေ့တယ်။ ၂၀၁၆ ခုနှစ်မှာ တစ်လကို ၆၅၀၀ လောက် လိုအပ်တယ်။ လူနာ တစ်ရာခိုင်နှုန်းလောက်ပဲ ရှာရတယ်။ ဒါဟာ နှလုံးခွဲစိတ်ဖို့ အတွက်ပဲ ရှာရတာဖြစ်ပါတယ်။ Window Period လေးရက်ကနေ ၁၁ ရက်ရှိတဲ့ Test နဲ့စစ်တယ်။ ပိုးတွေ့ရှိမှု ၁၀၀၀ မှာ တစ်ယောက်ခန့် တွေ့ရှိခဲ့ရတယ်။

 

၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဒီဇင်ဘာလမှာဆိုရင် စုစုပေါင်း ၄၂၂၀ လှူဒါန်းတယ်။ အားလုံး ၁၀၀ ရာခိုင်နှုန်းဟာ မလိုအပ်ခင်က လှူဒါန်းတဲ့ စေတနာရှင်တွေဖြစ်တယ်။ လှူဒါန်းမှုအားလုံးတွင် HIV ပိုး လုံးဝမတွေ့ရတော့ဘဲ သုည ရာခိုင်နှုန်း ဖြစ်သွားပါတယ်။ ၂၀၀၂ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း လုံးဝမကြုံဖူးတဲ့ ပြည်သူများရဲ့ ထူးခြားတဲ့စွမ်းဆောင်မှုပဲဖြစ်ပါတယ်။

 

အမှန်တကယ်ဂုဏ်ယူမိပါတယ်. . .

၂၀၂၀ ပြည့်နှစ်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက် နေချိန်ဖြစ်ပါတယ်။ လူတိုင်းအတွက် သေစေနိုင်တဲ့ ပိုးမွှားက ခြောက်လှန့်နေခဲ့တယ်။ အိမ်အတွင်းမှ မထွက် ခြင်းသည်သာ အန္တရာယ်အကင်းဆုံးဖြစ်တဲ့ အချိန်ဖြစ် တယ်။ အဲဒီနှစ်ကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ အံ့သြဖွယ်ကောင်းတဲ့အချက်တွေကို တွေ့လိုက်ရပါတယ်။ ဒါကတော့ လူငယ်လေးတွေရဲ့ ထောက်ပံ့မှုပါပဲ။ ဆရာ ဦးကြည်ဝင်း အားပေးလိုတဲ့ လူငယ်လေးတွေဟာ အခုဆိုရင် ဘယ်လောက်တာဝန်ယူပေးခဲ့သလဲဆိုတာကို သွေးလှူရှင်ကြီးတွေ ဝမ်းမြောက်ကြရပါလိမ့်မယ်။

 

သွေးလှူတယ်ဆိုတာ စတင်လှူပြီးရင်. . .လိုအပ်တယ် လို့အသံကြားရင် မလှူရမနေနိုင်အောင် ခံစားရတာကို လှူဒါန်းဖူးသူတွေသိပါတယ်။ ဒါပေမဲ့ စတင်လှူဒါန်းဖို့ဆိုတာ တော့ အတော်ပဲကြိုးပမ်းရပါတယ်။ အခုလို ကပ်ရောဂါ အတွင်းမှာ ပိုပြီးခက်ခဲပါတယ်။ ဒါကို လူငယ်လေးတွေက ပြတ်ပြတ်သားသား စွမ်းဆောင်ပေးသွားကြပါတယ်။

 

၂၀၂၀ ပြည့်နှစ်မှာ လှူဒါန်းမှုများအနက် ၃၅၆၈၃ ယူနစ်ကို အသက် ၁၈ နှစ်မှ ၂၉ နှစ်အတွင်း လူငယ်လေးတွေ ထောက်ပံ့သွားပါတယ်။ ဒါဟာ စုစုပေါင်းလှူဒါန်းမှုရဲ့ ၅၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ၃၉ နှစ်အထိ တွက်လိုက်ရင်တော့ ၈၀ ရာခိုင်နှုန်း (၅၂၂၀၃ ဦး) ဖြစ်လာပါတယ်။ ၂၉ နှစ်အောက် လူငယ်လေးတွေဆိုရင် ၅၅ ရာခိုင်နှုန်း၊ ၃၉ နှစ်အောက် လူငယ်တွေဆိုရင် ၈၀ ရာခိုင်နှုန်း။ အဲဒီလို ထောက်ပံ့မှုမျိုးကို တစ်ကြိမ်တစ်ခါမှ မမျှော်လင့်ရဲခဲ့တဲ့အတွက် လွန်စွာအားရကျေနပ်မိပါတယ်။ သွေးလှူရှင်ကြီး တွေလည်း အားရကျေနပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

 

အသက်ကြီးသူတွေအနေနဲ့ မိမိတို့ရဲ့ မျိုးဆက်သစ် လူငယ်လေးတွေကို တစ်ကြိမ်တစ်ခါ (သို့) ကြိမ်ဖန်များစွာ အပြစ်တင်မိပါလိမ့်မယ်။ Game တွေပဲဆော့နေပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ အချိန်ဖြုန်းနေတယ်လို့၊ အဲဒီကလေးတွေရဲ့ အခန်းအောင်းနေရင်းနဲ့ သူတို့လို ကံမကောင်းလို့ ကျန်းမာရေးထောက်ပံ့မှုလိုနေသူတွေ၊ သွေးရမှ အသက်ရှင်မယ့်သူတွေအတွက် စဉ်းစားမိလိမ့် မယ်လို့ ထင်မိကြမှာ မဟုတ်ပါဘူး။

 

လူငယ်လေးတွေကို အသက်ကြီးသူတွေရဲ့ အမြင်နဲ့ကြည့်ရင် အဆင်မပြေဘူးလို့ထင်ရပေမယ့် အခုတော့ . . . ဒီလူငယ်လေးတွေက ပြောင်မြောက်စွာပဲ သူတို့ရဲ့စွမ်းဆောင်မှုတွေကို ပြသသွားပါတယ်။

 

ဒီလူငယ်လေးတွေမှာ အရေးပါတဲ့ရာထူး၊ အရှိန်အဝါ တွေလည်း မရှိကြပါဘူး။ သူတို့ဘဝအတွက် ခိုင်မာစွာ ထောက်ပံ့နိုင်တဲ့ ငွေကြေးလုံလောက်မှုလည်း မရှိကြပါဘူး။

 

ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဒီကပ်ရောဂါကြီးကို တိုက်နေတဲ့အချိန်မှာ ရဲရဲဝံ့ဝံ့လာရောက်ကူညီ ပေးသွားကြပါတယ်။

 

သွေးလှူရှင်အဖြစ်စတင်ခဲ့တဲ့ လူငယ်လေးတွေ

သေးသွယ်တဲ့ လက်မောင်းငယ်လေးတွေနဲ့ စက်ရုံက ဝန်ထမ်းအမျိုးသမီးငယ်လေးတွေ (ပေါင် ၁၀၀ ကျော်မှ သွေးလှူဒါန်းနိုင်ပါမယ်)၊ Bicycle လေးနဲ့ ဦးထုပ်ဆောင်းထားတဲ့ Food Delivery လူငယ်လေးတွေ (သွေးလှူဒါန်း ပြီးရင်တော့ Bicycle စီးပြီးပြန်ခွင့်မရှိပါဘူး)၊ မိခင်က ကျန်းမာရေးမကောင်းလို့ မလှူနိုင်တဲ့အတွက် မိခင်ရဲ့မွေးနေ့ အထိမ်းအမှတ်အဖြစ် လှူပေးတဲ့ လူငယ်လေးတွေ၊ ရက် (၁၂၀) ပြည့်အတိအကျကို ရုံးပိတ်ရက်မဟုတ်လို့ အလုပ်ဖွင့်ရက်ဆိုလည်း ရောက်လာတတ်တဲ့ လူငယ်လေးတွေ၊ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်းမှာ အလုပ် တွေမရှိတော့လို့ သူများအတွက် ကူညီလိုက်တာပဲ ကောင်းပါတယ်ဆိုပြီး လာလှူလိုက်ပြီးမှ အင်အားတွေ ပြန်ပြည့်သွားပါတယ်ဆိုတဲ့ လူငယ်လေးတွေ၊ ယခင် ကတော့ တာဝန်ရှိလူကြီးတွေရဲ့ ဦးဆောင်မှုကြောင့် လာရောက်လှူဒါန်းရပေမယ့် အခုအချိန်မှာတော့ သွေးလှူ ဒါန်းမှုကို ကိုယ်တိုင်တက်ကြွစွာဖြင့် လာရောက်လှူဒါန်း ပေးသော လူငယ်ဝန်ထမ်းလေးတွေ အဲဒီလူငယ်လေးတွေ ထဲမှာမှ ၄၇၉၀ သော လူငယ်လေးတွေဟာ ၁၈ နှစ်ပြည့် လို့ သူတို့ရဲ့ကြောက်ရွံ့မှုတွေ၊ သူတို့ကို ထိခိုက်မှာတွေကို ကျော်လွှားပြီး သွေးလှူရှင်အဖြစ်စတင်ခဲ့တဲ့ လူငယ်လေးတွေပဲ ဖြစ်ပါတယ်။

 

လှူဒါန်းခွင့်ရတဲ့လူငယ်လေးတွေနဲ့ သက်တူရွယ်တူ လေးတွေထဲမှာ ငါးရာခိုင်နှုန်းကတော့ သူတို့ရဲ့ ကိုယ် အလေးချိန်နဲ့ သွေးနီအားအခြေအနေကြောင့် လာရောက် လှူဒါန်းပေမယ့် လှူဒါန်းခွင့်မရခဲ့ကြဘူး။

 

ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂအဖွဲ့က ဦးဆောင်ပေးတဲ့ ၂၂ နှစ်အောက်လူငယ်လေးတွေနဲ့ စုပေါင်း ထားတဲ့ “Red Rose Campaign ” ရဲ့ သွေးလှူရှင်ပညာ ပေးစည်းရုံးပေးတဲ့ အကြံဉာဏ်ဟာလည်း တကယ့်ကို ဆန်းသစ်လို့ သူတို့လေးတွေလုပ်ဆောင်ချင်တဲ့ Educati-onal material တွေကို ဆက်လက်စောင့်ဆိုင်းနေပါတယ်။

 

၂၀၂၀ ပြည့်နှစ်ဟာ လူသားတွေအတွက် စိုးရိမ် ပူပန်မှု ဆုံးရှုံးမှုတွေနဲ့ပြည့်နေတဲ့ ဘဝရဲ့မှောင်မိုက်တဲ့အချိန် လို့ ယူဆနိုင်ပါတယ်။ တကယ်တမ်းမှာတော့ . . . မှောင်မိုက်တဲ့အချိန်မှာပဲ သေးငယ်တဲ့လင်းလက်မှုလေး တွေက လောကကို အလှဆင်ခွင့်ရမှာဖြစ်ပါတယ်။

 

ဒီလို . . . သနားကရုဏာထားတတ်ပြီး ဒီကရုဏာ အပေါ်အခြေခံကာ ထောက်ပံ့ကြတဲ့ လူငယ်လေးတွေနဲ့ သာ တည်ဆောက်မယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပြီးပြည့်စုံမယ်လို့ ခံယူမိပါတယ်။

 

အကြိမ်ကြီးသွေးလှူရှင်ကြီးများ စိတ်မပူပန် ရအောင် သွေးလှူရှင်ကြီးများ လျှောက်ခဲ့တဲ့လမ်းကို လူငယ်လေးတွေ ဆက်လက်လျှောက်လှမ်းနေပါပြီ။

Thank you all and happy new year ahead of you !