ဂုဏ်ယူလေးစားထိုက်သည့် နိုင်ငံ့သားကောင်းရတနာများ

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင်  ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄  ခုနှစ်  ဖေဖော်ဝါရီလ ၁၀  ရက်နေ့တွင် စတင်အာဏာအသက်ဝင်ခဲ့သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် မိမိနိုင်ငံကို ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီး ဥပဒေနှင့်အကျုံးဝင်သူများအားလုံး ကာကွယ်ရေးတာဝန်ကို သတ်မှတ်ချက်အတိုင်းထမ်းဆောင်ကြရသည်။ မြန်မာနိုင်ငံ တွင်လည်း နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြပြီဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အာဏာတည် အသက်ဝင်မှုစတင်သည်နှင့် ပြည်သူ့ စစ်မှုထမ်းဆောင်ရေး လုပ်ငန်းအဆင့်ဆင့်ကို သက်ဆိုင်ရာအဖွဲ့အစည်းများက စတင်ပြင်ဆင် ဆောင်ရွက် ခဲ့ကြသည်။ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ၊ တီးတိုးလှုံ့ဆော်မှုများ၊ နှောင့်ယှက် တိုက်ခိုက်မှုများ၊ ကြောက်ရွံ့ထိတ်လန့်မှုများ၊ စိုးရိမ်ပူပန်မှုများ၊ လမ်းမှားများသို့ တွန်းပို့မှုများ စသည့် အနှောင့်အယှက်မျိုးစုံကြားမှ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် မိမိဆန္ဒသဘောအလျောက် စစ်မှုထမ်းရန် ဝင်ရောက်လာကြသည့် လူငယ်လူရွယ်များသည် လေးစားဂုဏ်ယူထိုက်သည့် သားကောင်းရတနာ များဖြစ်သည်။

ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သင်တန်း ကျောင်းများ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂) တွင် ပါဝင်တက်ရောက်ကြမည့် သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိပြီး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြကာ မေလ ၁၄ ရက်နေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် နယ်မြေခံ သင်တန်းကျောင်းများတွင် သင်တန်းဖွင့်ပွဲများပြုလုပ်သည့် အားရဖွယ်မြင်ကွင်းများကို မြင်တွေ့ခဲ့ရသည်။

ပြည်သူများကြားတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး၊ သဘောထားအမျိုးမျိုးရှိကြသည်။ အမှန်တကယ်တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ရန်အတွက် တာဝန်ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာများကိုသင်ကြားပြီး နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးစေရန်၊ နိုင်ငံတော်၏ ပိုင်နက်နယ်နိမိတ်များ ယိုယွင်းပျက်ပြားစေရန်၊ မြို့ရွာများ တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး တိုင်းရင်းသားပြည်သူများ စိုးရိမ်ပူပန်မှု မြင့်မားကာ ထိခိုက်ဆုံးရှုံး နစ်နာမှုများဖြစ်စေရန် ပြည်ပမှ သွေးထိုးလှုံ့ဆော်ပေးမှုများနှင့် ပြည်တွင်း၌ အကြမ်းဖက် အဖျက်သမားသောင်းကျန်းသူများက နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေကြသည်ကို တွေ့ရမည် ဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို အစဉ်အမြဲ ကာကွယ် စောင့်ရှောက်ပေးလျက်ရှိသည့်၊ ရှေ့တန်းတွင် အသက်ကိုပဓာနမထားဘဲ အသက်ပေး ကာကွယ်နေသည့် တပ်မတော်သားများအား ကူညီ အားဖြည့်ပေးခြင်းဖြင့် နိုင်ငံ့တာဝန်ကျေပွန်သည့် နိုင်ငံ့သားကောင်းဖြစ်အောင် ထမ်းဆောင်ကြရမည်ဖြစ်သည်။

မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံရေးအခြေအနေများကို ဆင်ခြင်သုံးသပ်ကြည့် လျှင် နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏ ကာကွယ်ရေးအင်အား တောင့်တင်းခိုင်မာအောင် ပြုလုပ်ကြသည်။ နိုင်ငံအဓွန့်ရှည် တည်တံ့ ခိုင်မြဲရေး၊ စီးပွားရေး အင်အားတောင့်တင်းခိုင်မာရေးတို့ကို ပြုလုပ်ကြပြီး မိမိနိုင်ငံကို မိမိတို့ကိုယ်တိုင် ကာကွယ် စောင့်ရှောက်ထိန်းသိမ်းမြှင့်တင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးစ အားယူနေဆဲ အချိန်တွင် ပြည်တွင်း၊ ပြည်ပ ပယောဂမျိုးစုံတို့ကြောင့် တိုင်းပြည်ယိုယွင်းပျက်စီးပြီး အင်အားချည့်နဲ့အောင် ပြုလုပ်နေကြသူများကို တွေ့ရမည်ဖြစ်သည်။ မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံ့ ကာကွယ်ရေးတာဝန် ထမ်းဆောင်ခြင်းသည် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ထက်သန်သည့် နိုင်ငံ့သားကောင်း ဖြစ်သည်။

မိမိနိုင်ငံ၊ မိမိရပ်ရွာကို မိမိတို့ကိုယ်တိုင် ပါဝင်ကာကွယ်စောင့်ရှောက်မှ ပိုမိုလုံခြုံစိတ်ချမှုကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ ယခု ပြည်သူ့စစ်မှုထမ်းမျိုးဆက်သစ်များသည် နိုင်ငံတော်နှင့် ပြည်သူအတွက် ခံယူချက်မြင့်မားစွာဖြင့် ဝင်ရောက်လာကြခြင်းဖြစ်၍ ပြည်သူ့စစ်မှုထမ်းများ စိတ်ဓာတ်စွမ်းရည်နှင့် ခံယူချက်မြင့်မားလာအောင် ဝိုင်းဝန်းအားပေးမြှင့်တင် ဖြည့်ဆည်းကူညီပေးကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ တစ်ချိန်သောကာလက ဒေသတွင်းနိုင်ငံများကြားတွင် အင်အားတောင့်တင်းခိုင်မာသည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်ကို ဂုဏ်ယူပြီး မျက်မှောက်ကာလတွင်လည်း ဒေသတွင်းနိုင်ငံများကြားတွင် မျက်နှာမငယ်ဘဲ ဂုဏ်ယူဝင့်ကြွားစွာဖြင့် မားမားမတ်မတ်ရပ်တည်နိုင်သော နိုင်ငံဖြစ်စေရန်အတွက် နိုင်ငံတော်၏ ကာကွယ်ရေးအင်အား တောင့်တင်းခိုင်မာလာစေရန် တပ်မတော်ကို ကူညီအားဖြည့်ပေးခြင်းဖြင့် နိုင်ငံ့တာဝန်ကို ကျေပွန်သည့် နိုင်ငံ့သားကောင်းများအဖြစ် ဂုဏ်ယူကြရမည်ဖြစ်ပါကြောင်း။

ကြေးမုံ