ဇူလိုင် ၆

ဂျပန်နိုင်ငံအလယ်ပိုင်း ဂီဖူစီရင်စုရှိ ဘုရားကျောင်းတစ်ခုမှ ဗုဒ္ဓရုပ်ပွားတော် ၁၁ ဆူ ခိုးယူခံရမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်လိုက်ပြီဖြစ်ကြောင်း ဂျပန်ရဲတပ်ဖွဲ့က ပြောကြားသည်။

ယာမာဂါတာမြို့ Tosenji ဘုရားကျောင်းမှ ဘုန်းကြီးတစ်ပါးက ဇူလိုင် ၄ ရက် နံနက် ၇ နာရီကျော်တွင် ရုပ်ပွားတော်များ ပျောက်ဆုံးနေသည်ကို တွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အခိုးခံရသော သစ်သားရုပ်တု ၁၁ ရုပ်သည် အမြင့် ၁၅ စင်တီမီတာမှ ၂၅ စင်တီမီတာအထိရှိကြပြီး ဂျီဇို ဘိုဆတ်စု အမည်ရှိ ဗုဒ္ဓဘာသာဝင်သူတော်စင်တစ်ပါး၏ ရုပ်တုတစ်ရုပ်လည်း ပါဝင်သည်ဟု သိရသည်။ ရုပ်တုအားလုံးကို ဘုရားကျောင်း၏ ပင်မဆောင်တွင် ထားရှိသည်။

အဆိုပါ ရုပ်တုများကို ဘုရားကျောင်းမှ ခိုးယူသွားသည်ဟု ရဲတပ်ဖွဲ့ကယူဆသည်။ ဘုရားကျောင်းမှမီတာ ၅၀ ခန့်အကွာတွင်နေထိုင်သော ဘုန်းကြီးသည် ညဘက်တွင် ပူဇော်သက္ကာများ ပြုလုပ်လေ့ရှိပြီး ပင်မဆောင်၏ ဝင်ပေါက်တံခါးကို သော့ခတ်လေ့ရှိကြောင်း ပြောကြားခဲ့သည်။

ဇွန်လ ၂၈ ရက်နေ့တွင် ရုပ်ပွားတော်များရှိနေသေးကြောင်း ဘုန်းတော်ကြီးက အတည်ပြုခဲ့သည်။ မကောင်းမှုများ မပြုလုပ်မိစေရန် တားဆီးပေးသည်ဟုယူဆရသော ဂျီဇို ဘိုဆတ်စု ရုပ်တုသည် ရာဇဝတ်မှုကျူးလွန်သူကို မြင်တွေ့ခဲ့မည်ဟု ထင်မြင်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ရုပ်တုများကို အမြန်ဆုံး ပြန်လည်ရရှိရန်သာ မျှော်လင့်ကြောင်းလည်း ပြောကြားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို