ဇူလိုင် ၈
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ အိုကီနာဝါစီရင်စုတွင် အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာနေခြင်းကြောင့် မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်လျက်ရှိပြီး နိုင်ငံအနောက်ပိုင်း ကျူရှူးဒေသအချို့အတွက် အပူဒဏ်သတိပေးချက်များ ထုတ်ပြန်ထားကြောင်း ဖော်ပြထားသည်။
ဂျပန်မိုးလေဝသဌာနက ကျူရှူးတွင် မိုးသည်းထန်စွာရွာသွန်းစေသည့် ရာသီအလိုက် လေတိုက်ခတ်မှုသည် တောင်ဘက်သို့ ရွေ့လျားသွားသည်ဟု ဆိုသည်။ နိုင်ငံအနောက်ပိုင်းတွင် ယမန်နေ့က အပူချိန်များ မြင့်တက်လာကြောင်း မိုးလေဝသဌာနကပြောကြားသည်။
တာဝန်ရှိသူများက ကာဂိုရှီးမား၏ အမာမီဒေသမှအပ နာဂါဆာကီ၊ ကူမာမိုတို၊ မီယာဇာကီနှင့် ကာဂိုရှီးမားစီရင်စုများအတွက် အပူလွန်ကဲသတိပေးချက်များ ထုတ်ပြန်ထားသည်။
နံနက်ပိုင်းမှစ၍ နေရာအချို့တွင် အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အထက် မြင့်တက်လာခဲ့သည်။ လေအေးပေးစက်များ အသုံးပြုရန်၊ ရေနှင့် ဆားများ သောက်သုံးရန် ဒေသခံများအား အကြံပြုထားသည်ဟု သိရသည်။
ယမန်နေ့ နံနက် ၉ နာရီအထိ တိုင်ဖွန်းဘာဗီသည် နိုင်ငံ၏ တောင်ဘက်အစွန်ဆုံး မာရီယာနာကျွန်းစုအနီးရှိ ပစိဖိတ်သမုဒ္ဒရာပေါ်တွင် အနောက်ဘက်သို့ ရွေ့လျားလျက်ရှိကြောင်း မိုးလေဝသတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကြီးမားပြီး အလွန်အားကောင်းသော တိုင်ဖွန်းမုန်တိုင်းသည် ၎င်း၏ဗဟိုချက်အနီးတွင် တစ်နာရီလျှင် ၁၈၀ ကီလိုမီတာနှုန်းဖြင့် အမြင့်ဆုံးလေတိုက်နှုန်း တိုက်ခတ်လျက်ရှိပြီး လေတိုက်နှုန်း ၂၅၂ ကီလိုမီတာအထိ အမြင့်ဆုံးရောက်ရှိခဲ့သည်ဟု သိရသည်။
ဘာဗီသည် ဇူလိုင် ၆ရက်မှစ၍ အနည်းငယ် အားပျော့သွားသော်လည်း ဇူလိုင် ၈ ရက်နေ့တွင် ပိုမိုအားကောင်းလာဖွယ်ရှိကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ ၎င်းသည် ဇူလိုင် ၁၀မှ ဇူလိုင် ၁၁ ရက်နေ့အထိ အိုကီနာဝါစီရင်စုသို့ ချဉ်းကပ်လာမည်ဟု ယူဆရသည်။
ဇူလိုင် ၉ ရက်ဝန်းကျင်မှစ၍ အိုကီနာဝါနှင့် အမာမီဒေသတွင် ပင်လယ်ရေလှိုင်းများ ပြင်းထန်လာမည်ဖြစ်ပြီး ဇူလိုင် ၁၀ ရက်နေ့ဝန်းကျင်မှစ၍ အိုကီနာဝါတွင် သတိပေးအဆင့် မိုးရွာသွန်းမှု ရှိနိုင်ကြောင်း ဖော်ပြထားသည်။
မုန်တိုင်းလမ်းကြောင်းပေါ်မူတည်၍ တောင်ပိုင်း ကျူရှူးတွင်လည်း ဇူလိုင် ၁၀ ရက်နေ့ဝန်းကျင်မှစ၍ မုန်တိုင်းထန်သော ပင်လယ်ရေပြင်များကြုံတွေ့ရနိုင်ပြီး နောက်ဆုံးရ ရာသီဥတုဆိုင်ရာ အချက်အလက်များကို သိရှိထားရန် တာဝန်ရှိသူများက ဒေသခံများအား ပြောကြားထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


