ဂန့်ဂေါ၊ ၁၃ ဇန်နဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဂန့်ဂေါမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသည် “ခွေးရူးရောဂါကင်းစင်ဖို့ ကာကွယ်ဆေးကို ထိုးကြစို့” အစီအစဉ်ဖြင့် ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“လူတွေပါ ကူးစက်ခံရတတ်ပါတယ်၊ ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အတွက် ခွေးရူးရောဂါကို ကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ခွေးကနေ ခွေးအချင်းချင်း၊ ခွေးကနေ လူကို ကိုက်လို့ လူရဲ့အသက်အန္တရာယ်ကို စိုးရိမ်ရပါတယ်၊ ကာကွယ်ဆေးသာ အချိန်မီ မထိုးနိုင်ရင်ပေါ့လေ၊ တချို့နေရာက ဆေးတွေမရှိဘူး၊ ခွေးတွေမှာရောဂါမဖြစ်မှ လူကိုလည်း မကူးနိုင်အောင် ရည်ရွယ်ပြီး အိမ်မွေးခွေးများကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးနေခြင်းဖြစ်ပါတယ်” ဟု မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းဝင်းက ပြောသည်။
အဆိုပါနေ့တွင် ဂန့်ဂေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းဝင်းနှင့် ဝန်ထမ်းများတို့သည် ဌာနဆိုင်ရာရုံးအတွင်းရှိ အိမ်မွေးခွေး၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိခွေးများနှင့် ဘုန်းကြီးကျောင်းများရှိ ခွေးအကောင် ၄၀ အား ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)



