ဂျိမ်းစ်ဘွန်းရုပ်ရှင်ကား Goldfinger မှ မင်းသမီး မာဂရက်နိုလန်အသက် ၇၆ နှစ်တွင် သေဆုံး

၁၄  အောက်တိုဘာ

ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားဖြစ်တဲ့ Goldfinger မှာ ပါဝင်ခဲ့ပြီး နာမည်ကြီး မော်ဒယ်နဲ့ ရုပ်ရှင်မင်းသမီးဖြစ်သူ မာဂရက်နိုလန်ဟာ အသက် ၇၆ နှစ်မှာပဲ သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။

နိုလန်နဲ့ အတူတွဲပြီး အလုပ်လုပ်ကိုင်ဖူးသူ ဒါရိုက်တာ အက်ဂါဝရိုက်က နိုလန်ဆုံးသွားတဲ့သတင်းကို တွစ်တာကနေတစ်ဆင့် ကြေညာခဲ့ပါတယ်။

ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးကြီး မာဂရက်နိုလန်သေဆုံး သွားပြီဖြစ်ကြောင်း ဝမ်းနည်းစွာနဲ့ အသိပေးကြေညာပါတယ်လို့ သူကပြောပါတယ်။

မာဂရက်နိုလန်ဟာ ရုပ်ရှင်ကားတွေမှာတင်မကပါဘူး။ တီဗွီစီးရီးတွေမှာပါ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၄၃ခုနှစ် အောက်တိုဘာ ၂၉ ရက်မှာ အင်္ဂလန်မှာမွေးဖွားပြီး မော်ဒယ်အဖြစ် ဦးစွာအသက်မွေးဝမ်းကျောင်း လုပ်ကိုင် ခဲ့ပါတယ်။ နောက်ပိုင်းမှ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာသူလည်း ဖြစ်ပါတယ်။ မာဂရက်နိုလန်ဟာ No Sex Please,We're British နဲ့ Tomorrow ရုပ်ရှင်တွေအပါအဝင် အခြားသော ရုပ်သံစီးရီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူ့မှာအော်စကာဒိခ်နဲ့ လူ့ခ်အိုဆူလီဗန်လို့ခေါ်တဲ့ သားနှစ်ယောက် ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။

စကိုင်းနယူးစ်