နေပြည်တော် ဖေဖော်ဝါရီ ၁၈
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ Grade-12 (Farm Mechanics) ဘာသာရပ် သင်ကြားပို့ချမည့် သင်ကြားရေး ဆရာများအတွက် လေ့ကျင့်သင်ကြားရေး မွမ်းမံသင်တန်း (Training For Trainer) ဖွင့်ပွဲကို ယမန်နေ့က မိတ္ထီလာမြို့ စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၌ ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက လယ်ယာသုံးစက်ကိရိယာများ၏ စက်ကိရိယာပိုင်းဆိုင်ရာ အချက်အလက်များ၊ မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုများ၊ စက်ကိရိယာကိုင်တွယ် သုံးစွဲရာတွင် သတိပြုဆောင်ရွက်ရမည့် အချက်များကိုသာမက သီးနှံအမျိုးအစားအလိုက် စက်ကိရိယာများ၏ အသုံးဝင်မှု၊ အကျိုးသက်ရောက်မှု၊ အားသာချက်၊ အားနည်းချက်များကိုပါ ထည့်သွင်းသင်ကြားနိုင်ရန် မှာကြားလိုကြောင်း၊ သင်တန်းဆရာ၊ ဆရာမ ဖြစ်လာမည့်သူများအနေဖြင့် ယခု (Training for Trainer) သင်တန်းတွင် သင်ကြားမှုများအပေါ် အထူးအလေးထားသင်ယူမှု၊ လက်တွေ့ဆောင်ရွက်မှုများဖြင့် ကြိုးစားကြစေလိုကြောင်း၊ ဒေသအသီးသီး လုပ်ငန်းတာဝန်အသီးသီးမှ လာရောက်ကြသူများဖြစ်၍ မိမိတို့အချင်းချင်း အသိပညာများ ဖလှယ်မှုများကို ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း Grade-12 တွင် စက်မှုလယ်ယာ ဘာသာရပ် (Farm Mechanics) သင်ကြားပို့ချနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၌ သင်ကြားရေးအတွေ့အကြုံရှိ စာတွေ့၊ လက်တွေ့သင်ကြားမည့် ဝန်ထမ်းဆရာများအား ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၈ ရက်အထိ စာတွေ့ (၄၉)ချိန်၊ လက်တွေ့ (၂၈)ချိန် လေ့ကျင့်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်