ဧရာဝတီတိုင်းဒေသကြီးအတွင်း (၁၃)ကြိမ်မြောက် ကလေးစာပေပွဲတော်(ကျောင်းကုန်း) ဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်ဖွင့်လှစ်

ကျောင်းကုန်း ၂၇ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကျောင်းကုန်းမြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျောင်းကုန်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခြောက်ဘာသာဂုဏ်ထူးရှင် မခင်မြတ်မြတ်ထွန်းတို့က ကလေးစာပေပွဲတော်ကို ဖွင့်လှစ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ် ရိုက်ကူးခဲ့ကြသည်။

 

a

 

ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အ.ထ.က(၁) ပညာ့ဗိမာန်ခန်းမတွင် ဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူများက "ကလေးစာပေပွဲတော် Theme Song" သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ "ယခု ကျောင်းကုန်းမြို့နယ် ကလေးစာပေပွဲတော်မှာ ကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့ထကောင်းများ ဖြစ်လာစေရန်၊ ပညာဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုနိုင်သူများဖြစ်လာစေရန်၊ ကျောင်းနေအရွယ် ကလေးငယ်များ ကလေးစာပေပွဲတော်နှင့် ပတ်သက်၍ ကျယ်ပြန့်စွာသိရှိပြီး အများစုပါဝင်ဆောင်ရွက်ခွင့် ရရှိစေရန် စတဲ့ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော်အဆင့် ကလေးစာပေပွဲတော်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့တာ အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အလားတူ ခရိုင်အဆင့်အနေဖြင့် ဖျာပုံခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်တို့မှာလည်း ကလေးစာပေပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့နိုင်ကြောင်း၊ ဒီပွဲတော်ဟာ ကလေးသူငယ်များရင်ထဲ သိချင်တဲ့စိတ်၊ တတ်ချင်တဲ့စိတ်၊ လေ့လာသင်ယူချင်တဲ့စိတ်တွေ တစ်သက်တာကိန်းအောင်း ပေါ်ပေါက်လာစေရန်လည်း ရည်ရွယ်ပါကြောင်း။

ပွဲတော်မှာ အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပလျက်ရှိရာ (ဥပမာ) ထုတ်ဆီးတိုးပြိုင်ပွဲလိုမျိုးမှာ စည်းလုံးညီညွတ်မှုရှိမှ အောင်မြင်မည်ဆိုတဲ့ အသိမျိုးဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါကြောင်း၊ ကလေးစာပေပွဲတော်လို ပွဲကြီးမဖြစ်တောင် ဒီလိုအသိပညာပေးတဲ့ ပွဲတော်မျိုး တစ်လတစ်ကြိမ်၊ နှစ်လတစ်ကြိမ် ဆောင်ရွက်ပါကြောင်း၊ စာအုပ်ထဲမှာသာ မဟုတ်ဘဲ လက်တွေ့နယ်ပယ်ဘက်မှာပါ ထိထိရောက်ရောက် ဆောင်ရွက်စေချင်ပါကြောင်း၊ ရိုးသားကြိုးစား ဧရာဝတီသားများ ဆောင်ပုဒ်နှင့်အညီ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းမှာ ပြသထားတဲ့ နယ်ပယ်စုံမှ ပုဂ္ဂိုလ်ကြီးများလို ထူးချွန်သော ပုဂ္ဂိုလ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ကလေးစာပေပွဲတော်များ ကျင်းပပေးတဲ့အတွက် ကလေးများရဲ့ အနာဂတ်ကို ထုဆစ်ပုံဖော်မှုနဲ့ ကလေးများရဲ့ ပုံရိပ်ကို ဖွံ့ဖြိုးတိုးတက်လာစေရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ်စွမ်းသ၍ တည်ဆောက်အကောင်အထည် ဖော်ပေးခြင်းလည်းဖြစ်ကြောင်း၊ ကလေးစာပေဆိုသည်မှာ ကလေးများကို စာအုပ်စာပေတို့နှင့် ရင်းနှီးကျွမ်းဝင်သွားအောင် ဆွဲဆောင်ပေးသည့် စာပေများဖြစ်ကြောင်း၊ ဆိုဆုံးမခြင်း၊ ပညာပေးခြင်းတို့ထက် ကလေးဘဝကပင် စာကိုချစ်တတ်၊ တွယ်တာတတ်သူများဖြစ်လာအောင် စွမ်းဆောင်ပေးရသည့် ကလေးကြိုက်စာပေများဖြစ်ပြီး စာအုပ်ကိုချစ်သော ကလေးတို့သည် စာဖတ်ကျင့်ရှိသူများအဖြစ် ပေါ်ထွက်လာစေပါကြောင်း။

ကလေးစာပေများက လူမျိုးသစ်တစ်ခုကို မွေးဖွားပေးလိုက်ခြင်းဟုပင် ခေါ်ဆိုနိုင်ပါကြောင်း၊ တိုင်းဒေသကြီးတစ်ခုလုံးမှာရှိတဲ့ မြို့နယ်အားလုံး၌ ကလေးစာပေပွဲတော်များကို ကျင်းပခြင်းဟာ ဧရာဝတီတိုင်းဒေသကြီးသည် ပထမဦးဆုံးဖြစ်ပါကြောင်း၊ မြို့နယ်အဆင့် ကလေးစာပေပွဲတော်များကို ချောင်းသာ၊ ဇလွန်၊ အိမ်မဲ၊ ဓနုဖြူ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ သာပေါင်း၊ လေးမျက်နှာ၊ မြောင်းမြ၊ ပန်းတနော်၊ ဒေးဒရဲ၊ ဝါးခယ်မတို့တွင် ကျင်းပခဲ့ပြီး ကြိတ်ကြိတ်တိုး စည်ကားခဲ့ကာ နောင်နှစ်များမှာလည်း အခုလို ကလေးစာပေပွဲတော်များကို ကျင်းပပေးစေလိုကြောင်း ပြည်သူများထံမှ ကြားသိရသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ဝမ်းသာပီတိဖြစ်ရကြောင်း၊ အထူးတလည် မှာကြားလိုတာကတော့ ကလေးစာပေပွဲတော်များ ကျင်းပပြီးစီးတာနဲ့ ပြီးပြီးပျောက်ပျောက် သဘောမထားကြဘဲ ပြည်သူများက မိမိတို့နဲ့ လက်လှမ်းမီရာကစပြီး ကလေးများဘဝ စာပေဖတ်ရှုမှု၊ ပူးပေါင်းဆောင်ရွက်မှု အလေ့အကျင့်ကောင်းတွေကို ဆက်လက်ထိန်းပေးကြစေလိုကြောင်း" အမှာစကား ပြောကြားသည်။

 

a

 

ထို့နောက် ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဧည့်သည်တော်များသည် ကလေးစာပေပွဲတော်(ကျောင်းကုန်း)၌ ဆောင်ရွက်ထားသည့် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ ကလေးစာဖတ်ခန်း၊ စာအုပ်စာပေပြခန်း၊ ပြိုင်ပွဲများ၊ ဌာနဆိုင်ရာပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

a

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်၌ ကလေးစာပေပွဲတော်များကို ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့ပြုလုပ်သော ကလေးစာပေပွဲတော်(ကျောင်းကုန်း)ကို တိုင်းဒေသကြီးအတွင်း (၁၃)ကြိမ်မြောက် မြို့နယ်အဖြစ် ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပလျက်ရှိပြီး ဒီဇင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မည်သူမဆို လွတ်လပ်စွာ လာရောက်ပါဆင်နွှဲနိုင်ကြောင်း သိရသည်။

မောင်မောင်မြင့်၊ ဝင်းကြိုင်၊ စိုးမင်းဦး၊ လှမင်းထွဋ်(ပြန်/ဆက်)