ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် စားသောက်ကုန်ထုတ်လုပ်ငန်းများ စိစစ်ရွေးချယ်သည့် အခမ်းအနားသို့ တက်ရောက်

ပုသိမ်   ဒီဇင်ဘာ   ၄

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ဒီဇင်ဘာ ၃ ရက်က စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အသိပညာရှင် အတတ်ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့်အတူ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် အာဆီယံ - ဟောင်ကောင်၊ China Free Tread Agreement ECOTECH work Program အရ ဆောင်ရွက်မည့် Innovative Products Practices for Food Processing in Myanmar စီမံချက်တွင်ပါဝင်မည့် စားသောက်ကုန်ထုတ်လုပ်ငန်းများ စိစစ်ရွေးချယ်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်က “အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတော်၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက် အရေးပါသည့် လုပ်ငန်းများဖြစ်၍ နိုင်ငံတော်မှ အဆိုပါလုပ်ငန်းများ တိုးတက်ရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်  MSMEs လုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ စားသောက်ကုန်ထုတ်လုပ်ငန်းများဖြစ်ပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်ပြီး အကြီးစား စက်မှုလုပ်ငန်းများ ဆက်လက်ထူထောင်၍ သွင်းကုန်အစားထိုး ထုတ်ကုန်နှင့် ပြည်ပပို့ထုတ်ကုန်များ တိုးမြင့်လာမှာ ဖြစ်ကြောင်း၊ စားသောက်ကုန်ထုတ်လုပ်ငန်းရှင်များအနေဖြင့် မိမိဒေသထုတ်ကုန်များကို အရည်အသွေးမီစွာ  ကျန်းမာရေးနှင့် ညီညွတ်ပြီး စနစ်တကျ ထုပ်ပိုးမှုနှင့် စျေးကွက်ထိုးဖောက် ဝင်ရောက်မှုကိုလည်း အထူးကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စားသောက်ကုန် ထုတ်လုပ်ငန်းများ စိစစ်ရွေးချယ်ရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ထန်းသကြား ထုတ်လုပ်ရေးလုပ်ငန်း တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ပြသထားသည့် စားသောက်ကုန်များအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပုသိမ်(ပြန်/ဆက်)