နေပြည်တော်   ဒီဇင်ဘာ  ၁၀

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ  စက်မှုစီမံကိန်းခန်းမတွင် အလုပ်ရှင်၊ မန်နေဂျာနှင့် အထည်ချုပ်လုပ်သားများကို တွေ့ဆုံသည်။ 

တွေ့ဆုံစဉ်ဒုတိယဝန်ကြီးက အလုပ်သမားရေးရာကိစ္စနှင့် စပ်လျဉ်းပြီးသိရှိလိုသည်များကို ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့များသို့ အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်ရှင်ကိုယ်စားလှယ် (မန်နေဂျာ) နှင့် အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အတွင်း ဆောင်ရန် ၊ရှောင်ရန် အချက်များကို သိရှိထားရန်လိုပြီး အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလုပ်သမား အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ထိ စနစ်တကျ  ဖွဲ့စည်းနိုင်ကြောင်း၊ အလုပ်ရှင်များသည်လည်း အလုပ်ရှင်အဖွဲ့အစည်းများကို အပြိုင်ဖွဲ့စည်းနိုင်ပြီး မြို့နယ်မှတ်ပုံတင်အရာရှိနှင့် မှတ်ပုံတင်အရာရှိချုပ်ထံ သတ်မှတ်ချက်နှင့်အညီ တင်ပြ၍မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ အလုပ်သမားအဖွဲ့အစည်း၏ အခွင့်အရေးနှင့် တာဝန်များကိုသိရှိ ဆောင်ရွက်ရမည်ဖြစ်ပြီး ရန်ပုံငွေထူထောင်ခြင်းနှင့် သုံးစွဲခြင်းကို စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်းမှာကြားသည်။
 
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံများဖြစ်သည့် Dong Long (Pathein) Garment၊ Harkers Enterprise Myanmar Co.,Ltd နှင့်  Huabo Times Textile and Clothing Co.,Ltd စက်ရုံများသို့ ကွင်းဆင်း ကြည့်ရှုအားပေးပြီး လုပ်သားများနှင့် ရင်းနှီးစွာ တွေ့ဆုံအားပေးသည်။ 

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အလုပ်ရှင်၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် လုပ်သားအားလုံး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်သမား အဖွဲ့အစည်း၊ အလုပ် သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီများသည် အလုပ်သမားရေးရာဥပဒေများနှင့်အညီ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်၍ လုပ်သားများ သက်သာချောင်ချိမှုနှင့် လူမှုကာကွယ် စောင့်ရှောက်ရေး အတွက် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် စေတနာထားပြီး ယုံကြည်မှုရှိရှိ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်