ရန်ကုန် ဩဂုတ် ၁
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပညာရေးတက္ကသိုလ်၌ ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်လုပ်ကိုင်ခွင့်စနစ် (Employment Permit System - EPS) ဖြင့် လုပ်သားများစေလွှတ်ရန် (၁၆) ကြိမ်မြောက် ကိုရီးယားဘာသာ အရည် အချင်းစစ်စာမေးပွဲ (EPS-TOPIK) အောင်မြင်သူများ အခြေခံကျွမ်းကျင်မှု (Skills Test) စစ်ဆေးနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
EPS ဖြင့် အလုပ်သမားစေလွှတ်ခြင်းကို မြန်မာနိုင်ငံမှ ၂၀၁၁ ခုနှစ်တွင် စတင်ဆောင်ရွက် ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လအထိ လုပ်သားဦးရေ ၆၅,၀၀၀ ကျော် စေလွှတ်ခဲ့ပြီးဖြစ်သည်။ ကိုရီးယား သမ္မတနိုင်ငံသို့ သွားရောက်လုပ်ကိုင်လိုသူများအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဝန်ဆောင်မှု လုပ်ငန်းအဖွဲ့ Human Resource Development Service of Korea (HRD-Korea) က ကျင်းပသော ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK)ကို ဦးစွာဖြေဆိုရပြီး အောင်မြင်သူများသာ အခြေခံကျွမ်းကျင်မှု (Skills Test) စစ်ဆေးခြင်းကို ခံယူ၍ EPS စနစ်အတွင်း ကိုရီးယား အလုပ်ရှင်များက ရွေးချယ်မှသာ ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြရမည်ဖြစ် သည်။ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်လုပ်သား ဦးရေခွဲတမ်းရရှိမှုအလိုက် လုပ်သားများ စေလွှတ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်အတွက် လုပ်သား ၁၁,၀၀၀ ကျော် စေလွှတ်ခွင့် ရရှိထားကြောင်း သိရသည်။
၂၀၂၄ ခုနှစ်တွင် ကျင်းပသော (၁၆) ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်း စစ်စာမေးပွဲ (EPS-TOPIK) အောင်မြင်၍ အခြေခံကျွမ်းကျင်မှု (Skills Test) စစ်ဆေးခြင်း စာမေးပွဲကို ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၌ ၂၀၂၄ခုနှစ်ဇူလိုင်၂၈ ရက်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း ဖြေဆိုသူ ၃၀၂ ဦးနှင့် ဆောက်လုပ်ရေးလုပ်ငန်း ဖြေဆိုသူ ၂၁၁ ဦး ကိုလည်းကောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၌ ဇူလိုင်၂၉ ရက်မှဩဂုတ် ၁ ရက်အထိ ဝန်ဆောင်မှု လုပ်ငန်း-အုပ်စု (၂) ဖြေဆိုသူ ၃,၆၈၇ ဦးကိုလည်းကောင်း စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၈) ရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ အမှတ် (၆) ရှိ Info Myanmar Vocational School သို့ သွားရောက်၍ IT ပိုင်းဆိုင်ရာ နည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးပြီး Info Myanmar Vocational School သည် ခေတ်နှင့်လျော်ညီသည့် IT ပိုင်းဆိုင်ရာ နည်းပညာများကို ပို့ချလျက်ရှိသဖြင့် အရည်အသွေးပြည့်ဝသည့် သင်တန်းသားများကို ပိုမိုမွေးထုတ်ပေးစေလိုကြောင်း၊ သင်တန်းသားများ ပညာရေးဆုံးခန်းတိုင် တက်ရောက်နိုင်ရေး ပေါင်းကူးချိတ်ဆက်ပေးနိုင်မည့် နည်းလမ်းများ ပံ့ပိုးကူညီပေးရန်နှင့် လိုအပ်ချက်များရှိက အနာဂတ် သင်တန်းသားများအတွက် သင်ခန်းစာကို NSSA မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၏ ကျွမ်းကျင်မှု “စံ” များနှင့် ချိတ်ဆက်ကာ သင်ခန်းစာများပို့ချရေး၊ လူငယ်လူရွယ်များ ခေတ်မီတိုးတတ်သော IT ပညာရပ်များဖြင့် ပြည်တွင်း/ပြည်ပ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အလုပ်အကိုင်အခွင့်အ လမ်းများရရှိစေရေး စေတနာထား ကြိုးပမ်းဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


