နေပြည်တော် ဒီဇင်ဘာ ၁၁

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်းသို့ သွားရောက်ကာ တိုင်းဒေသကြီးပြည်နယ် ကိုယ်စားပြု ပြိုင်ပွဲဝင် အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများကို နေ့လယ်စာကျွေးမွေးဧည့်ခံနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများတည်းခိုရေးအဆောင်များ ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများ အား မှာကြားသည်။ 
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများ နေ့လယ်စာ စားသုံးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ချက်ပြုတ်ရေးအဆောင်သို့ သွားရောက်၍ ညနေစာအတွက် သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ချက်ပြုတ်နေမှု၊ စားရိပ်သာများနှင့် ချက်ပြုတ်ရေး အဆောင်များ သန့်ရှင်းရေးဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးသည် သန့်စင်ခန်းများနှင့် ရေချိုးကန် များသို့ သွားရောက်စစ်ဆေးပြီး ရေ၊ မီး၊ မိလ္လာစနစ် ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာ အဖွဲ့များက နေ့စဉ်စစ်ဆေးဆောင်ရွက်ရန်၊ သန့်စင်ခန်းများ ပိုးမွှားများ ကင်းစင်စေရန် ပိုးသတ်ဆေးဖြန်းခြင်းနှင့် ပုံမှန်သန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို စနစ်တကျကြပ်မတ် ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်