နေပြည်တော် နိုဝင်ဘာ ၂၃
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ ဥက္ကဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ၊ တည်းခိုရေးစခန်း၌ အမျိုးသားအားကစားပွဲတော်တွင် ပြိုင်ပွဲဝင်ရန် ရောက်ရှိလာကြသည့် ရခိုင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများကို နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် ရခိုင်ပြည်နယ် ကိုယ်စားပြုအားကစားသမားများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် အားကစားနည်းပြများ တည်းခိုနေထိုင်ရန် နေရာချထားမှုနှင့် အသုံးအဆောင်ပစ္စည်းများ ထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ပြီးလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် နည်းပြများ တည်းခိုနေထိုင်မည့် အဆောင်များနှင့် အိပ်ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ အားကစားသမားများကို ကျန်းမာရေးနှင့် ညီညွတ်မှုရှိအောင် တည်းခိုနေထိုင်နိုင်ရေး အထူးဂရုပြုဆောင်ရွက်ရန်၊ သောက်သုံးရေနှင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိအောင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်၊ အိပ်ဆောင်များပတ်ဝန်းကျင်တွင် ပိုင်ရှင်မဲ့ခွေးများကြောင့် တည်းခိုနေထိုင်သူများ အန္တရာယ်မဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားသည်။
 ဆက်လက်၍ စားရိပ်သာများနှင့် ချက်ပြုတ်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး စားရိပ်သာများကို သန့်ရှင်:သပ်ရပ်ပြီး ကျန်းမာရေးနှင့်ညီညွတ်စေရန် ခင်းကျင်းဆောင်ရွက်ရန်၊ ဧည့်ခံကျွေးမွေးရာတွင် အစားအစာများကို သန့်ရှင်းလတ်ဆတ်မှုရှိစေရန်နှင့် ဘေးကင်းစေရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ချက်ပြုတ်ရန်၊ ချက်ပြုတ်ရေးအဖွဲ့များကို သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယင်၍ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် တည်းခိုရေးစခန်းအတွင်း ဆေးကုသမှုခံယူနိုင်ရန် ဖွင့်လှစ်ထားသည့် ဆေးခန်းများ၊ ဆပ်ကော်မတီ ရုံးခန်းနေရာများနှင့် စားသောက်ဆိုင်ခန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးကာ စားသောက်ဆိုင်များတွင် သန့်ရှင်းလတ်ဆတ်သည့် အစားအစာများ၊ ကျန်းမာရေးနှင့် ညီညွတ်သည့်အစားအစာများကိုသာ ရောင်းချရန်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်သည့် အသုပ်များ၊ အမှည့်လွန်သည့် အသီးများ၊ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းမပါသည့် အစားအစာများကို ရောင်းချခြင်းမပြုစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ပိုးမွှားများကင်းစင်စေရန် ပိုးသတ်ဆေးဖြန်းခြင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ် သိမ်းဆည်းခြင်းတို့ကို ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်