နေပြည်တော်၊ ဖေဖော်ဝါရီ ၉
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက ခရီးစဉ်ဒေသစီမံခန့်ခွဲရေး အဖွဲ့ဝင်များကို ပြင်ဦးလွင်မြို့ ရွှေစံအိမ်ဟိုတယ်၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ တွေ့ကြုံနေရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရေးနှင့် ခရီးသွားလုပ်ငန်းမှတဆင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဆောင်ရွက်ရာတွင် အစိုးရ-ပုဂ္ဂလိက-ဒေသခံပြည်သူ (public -private-people) မဏ္ဍိုင် (၃) ရပ် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များက ၎င်းတို့၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယ ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရွှေစံအိမ်ဟိုတယ်ရှိ Governor’s House သို့ သွားရောက်ကာ ခရီးသွား ဧည့်သည်များ လာရောက်တည်းခိုနေထိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြင်ဦးလွင်ရုံးခွဲသို့ သွားရောက်ကာ ရုံးခွဲတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်းအမှုထမ်းများအား တွေ့ဆုံ မှာကြားပြီး ခရီးသွားဧည့်သည်များ ခရီးသွားဆွဲဆောင်ရာ နေရာများနှင့် ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များကို အဆင်ပြေလွယ်ကူချောမွေ့စွာ ရရှိနိုင်ရန်အတွက် ပြင်ဦးလွင်ရုံးခွဲတွင် ဖွင့်လှစ်ထားသည့် သတင်းအချက်အလက်ပြန်ကြားရေးကောင်တာ (Information Counter) အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်