နေပြည်တော်၊ ဒီဇင်ဘာ ၁၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ညနေပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ပဉ္စမအကြိမ် အမျိုးသားအား ကစားပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိနေသော အာဆီယံ-တရုတ်စင်တာ (ASEAN China Centre-ACC) အတွင်းရေးမှူးချုပ် Mr. Shi Zhongjun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ M Gallery Hotel ၌ အလုပ်သဘော ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ဦးစွာ ဒုတိယဝန်ကြီးက နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးအတွက် ဝန်ကြီးဌာနနှင့် အာဆီယံ-တရုတ်စင်တာတို့ ပိုမိုနီးကပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အာဆီယံ-တရုတ်စင်တာအနေဖြင့် မြန်မာနိုင်ငံရှိ ခရီးစဉ် ဒေသများ၏ အခြေအနေများကို ဝက်ဘ်ဆိုက်၊ ဆိုရှယ်မီဒီယာအပါအဝင် နည်းလမ်းပေါင်းစုံဖြင့် တရုတ်နိုင်ငံသားများထံ ဖြန့်ဖြူးပေးစေလိုပါကြောင်းပြောကြားပြီး အာဆီယံ-တရုတ်စင်တာ (ASEAN China Centre-ACC) အတွင်းရေးမှူးချုပ်  Mr. Shi Zhongjun က မြန်မာနိုင်ငံအနေဖြင့် လက်ရှိဖြစ်ပေါ်လျက်ရှိသည့် သတင်းတု သတင်းအမှားများကြောင့် ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေပြီး နိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အာဆီယံ-တရုတ်စင်တာအနေဖြင့် လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားပြီး ညစာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။ 

သတင်းစဉ်