နေပြည်တော် ဩဂုတ် ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ဧရာဝတီတိုင်း ဒေသကြီး၊ ဇလွန်မြို့သို့သွားရောက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံသည်။

ဉီးစွာ သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးက ယခုနှစ်စိုက်ပျိုးရာသီ၌ တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမည့်အခြေအနေများ ကိုရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လာမည့်စိုက် ပျိုးရာသီအမှီ ရေဆင်းစပ်မျိုး-၂ နေကြာမျိုးများ၊ သွင်းအားစု ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိန်မီကူညီပံ့ပိုးပေးနိုင်ရေး တာဝန်ရှိသူများကို မှာကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း သမဝါယမဦးစီးဌာနနှင့် စိုက်ပျိုးရေးသမဝါယမအသင်းများက ဆီထွက်သီးနှံနေကြာ ဧကစုစုပေါင်း (၃၅,၀၀၀) စိုက်ပျိုးမည်ဖြစ်၍ ဇလွန်မြို့နယ်အနေဖြင့်လည်း သမဝါယမ အသင်းအချင်းချင်းပံ့ပိုးငွေဖြင့် ပါဝင်စိုက်ပျိုးသွားမည်ဖြစ်ပြီး ထွက်ရှိလာသော နေကြာသီးနှံများကို သမဝါယမ အသင်းများ၏ အစီအစဉ်ဖြင့် ဆီကြိတ်၍ ဒေသဝမ်းစာဖူလုံရေးအတွက် ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့သို့ သွားရောက်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် မြို့နယ်မှတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး လေးမျက်နှာ မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှု၊ သမဝါယမ အသင်းအချင်းချင်း ကူညီပံ့ပိုးမှုများဖြင့် ဆောင်ရွက်လျက်ရှိသော မိုးစပါး၊ နွေစပါး စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံ နေကြာ၊ မြေပဲနှင့် နှမ်းများ တိုးချဲ့စိုက်ပျိုးရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်စုအလိုက် ပူးပေါင်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် လေးမျက်နှာမြို့နယ်၊ ခတ္တူကျေးရွာသို့ သွားရောက်ပြီး သက္ကရာဇ် ၄၂၀ ပြည့်နှစ်က ပုဂံပြည့်ရှင်အနော်ရထာမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော သမိုင်းဝင် စတုမုခ ထူပါရုံ စေတီတော် မြတ်ကြီးကို ဖူးမြော်ကြည်ညိုကာ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် စေတီတော်မြတ်ကြီး ကမ်းပြိုရေခမှု မဖြစ်ပေါ်စေရေး ကမ်းထိန်းလုပ်ငန်း အခြေအနေများကို ကြည့်ရှုသည်။

အဆိုပါ မြစ်ကမ်းထိန်းလုပ်ငန်းကို ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် မြစ်ကြမ်းပြင်ကာကွယ်ထိန်းသိမ်းခြင်းအတွက် ကျောက်စီရေကာတာ ဆောင်ရွက်ခြင်း၊ စေတီတော် ရင်ပြင်ချဲ့ခြင်း၊ Bored Pile အခြေပြု သံကူကွန်ကရစ်နံရံ ပြုလုပ်ခြင်းလုပ်ငန်းများကို တာဝန်ရှိသူ အဆင့်ဆင့်က စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
 
ယင်းနောက် လေးမျက်နှာမြို့နယ်၊ ခတ္တူ-ခုံကြီးလမ်းပေါ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူတည် ဆောက်လျက်ရှိသော ပေ (၂၂၀) သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်ကို လည်းကောင်း၊ ပန်းတောကြီးကျေးရွာရှိ မော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်း တက်ရောက်အောင်မြင်ပြီး ဆိုင်ကယ်ပြင်လုပ်ငန်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော ဦးအောင်ပိုင်စိုး၏ ကိုညီဆိုင်ကယ်ပြင်ဆိုင်ကို လည်းကောင်း၊ လုပ်ငန်းရှင် ဦးကျော်ဝင်းနိုင် ဆောင်ရွက်နေသော သိမ်းငှက် သဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးသည်။

ထိုမှတဆင့် ရေကြည်မြို့နယ်၊ ပန်းကုကွင်းကျေးရွာအုပ်စု သီတာချောင်းကူး တံတားတည်ဆောက် ပေးနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ သီတာကုန်းပြင်သို့ သွားရောက်၍ သမိုင်းဝင်မြသိန်းတန် စေတီတော်မြတ်ကြီးအား ဖူးမြော်ကန်တော့ကာ (၁၅၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် အထိမ်းအမှတ်အဖြစ် ကျင်းပသော ရပ်သာကြီးကျေးရွာနှင့် ကံကုန်းကျေးရွာတို့၏ ဘောလုံး ပြိုင်ပွဲကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်