နေပြည်တော် ဒီဇင်ဘာ ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လူသားချင်းစာနာမှု အကူအညီပေးရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ မိုင်းအန္တရာယ်အသိ ပညာပေးရေး၊ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ခံရသူများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ICRC မှ ဆောင်ရွက်နေသည့် မိုင်းအန္တရာယ်ကြောင့် ကိုယ်အင်္ဂါမသန်စွမ်းသူများကို ခြေတု၊ လက်တု တပ်ဆင်ရေးလုပ်ငန်း ကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် ICRC တို့ကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် ICRC ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်