မြင်းခြံ ၁၀ အောက်တိုဘာ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့နံနက်ပိုင်းတွင် တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာ မူလတန်းကြိုကျောင်း၌ မိဘဆရာအသင်း တာဝန်ရှိသူများ၊ မူလတန်းကြိုကျောင်းအုပ်နှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားပြီး ရုံးစည်ကြီးကျေးရွာ မူကြိုကျောင်းသွားရာလမ်း ပြုပြင်ရန်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ရပ်မိ/ရပ်ဖများသို့ ထောက်ပံ့ပေးအပ်ကာ မူကြိုကလေးငယ်များအား ကစားစရာအရုပ်နှင့် စားစရာမုန့်များပေးဝေသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြင်းခြံမြို့နယ် ဖက်ရင်းကျေးရွာ အနန္တမေတ္တာ ဓမ္မဗိမာန်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး မိမိတို့ အစိုးရလက်ထက်တွင် လူမှုရေးပင်စင်ကိုတစ် နိုင်ငံလုံး အတိုင်းအတာဖြင့် အသက် (၉၀)နှင့်အထက် စတင်ထောက်ပံ့ခဲ့ရာမှ ယခု (၈၅)နှစ်အထိ အသက်လျှော့ချကာ (၈၅)နှစ် အထက်ဘိုးဘွားများအား (၁)လလျှင် တစ်သောင်းကျပ်နှုန်း ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ရှင်းလင်းပြောကြားကာ ဦးစီးဌာနရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ဘိုးဘွား(၈၅)ဦးအား ထောက်ပံ့ပေးအပ်သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြင်းခြံမြို့နယ် တပ်ကျေးရွာရွှေဘုံသာ ကန်ကြီးကျောင်းတိုက်တွင် လူမှုအားမာန်အဖွဲ့များနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ အသက်(၇၅)နှစ်မှ (၈၅)နှစ်အတွင်း အဘိုးအဘွား (၁၀)ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ငွေကြေးများ ထောက်ပံ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြင်းခြံမြို့ မူလတန်းကြိုကျောင်းသို့ သွားရောက်ပြီး မူကြိုကလေးငယ်များအား အရုပ်နှင့် စားစရာမုန့်များ ပေးဝေသည်။

 

ဆက်လက်၍ ဒုဝန်ကြီးနှင့်အဖွဲ့သည် မြင်းခြံမြို့ ဘိုးဘွားရိပ်သာ၌ ဘိုးဘွားရိပ်သာကြီးကြပ်မှု ကော်မတီများနှင့် တွေ့ဆုံကာ မတည်အလှူငွေ (၅)သိန်းကျပ် ထောက်ပံ့ခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် မြင်းခြံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးဆောက်လုပ်မည့် မြေနေရာအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်