နေပြည်တော် နိုဝင်ဘာ ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ဝါးကတုတ်မြေသားတမံပိတ်ဆောင်ရွက်ခြင်းနှင့် နွေစပါးစိုက်ပျိုးရေပေးဝေရန် တူးမြောင်းပြင်ဆင်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ဝါးကတုတ်ချောင်းပိတ် မြေသားတမံတည်ဆောက်ခြင်းကြောင့် နွေစပါးစိုက်ပျိုးရေပိုမိုရရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိသည်နှင့် သက်တမ်းတို မျိုးကောင်းမျိုးသန့်စပါးမျိုးများ ရွေးချယ်စိုက်ပျိုးကြရန်လိုကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နွေစပါး ဧက (၃) သန်းကျော်အထိ တိုးချဲ့စိုက်ပျိုးရန် လျာထားပြီး ပဲခူးတိုင်းဒေသကြီးအနေဖြင့် ယခုနှစ် နွေစပါး (၄၆၀၇၃၈) ဧက၊ ဆောင်းသီးနှံ (၃၁၀၆၇၆၅) ဧက၊ နွေနှမ်း ဧက (၁၀၀၀) စိုက်ပျိုးရန် လျာထားကြောင်းနှင့် (၃) သီးစိုက်ဧကများ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေး ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပဲခူးမြစ်တာ (ပန်းလှိုင်၊ ပုဏ္ဏားစု၊ မုန်တိုင်) တာမိုင် (၀/၀ မှ ၁/၄) အတွင်း တာမြှင့်တင်၍အခိုင်အမာပြုပြင်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ရေဘေးကာကွယ်ရေးတာများနှင့်ပတ်သက်၍ အခိုင်အမာပြန်လည်ပြုပြင် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အခိုင်အမာဆောင်ရွက်နိုင်မှုမရှိသော ရေ‌ဘေးကာကွယ်ရေးတာများကိုလည်း လာမည့်နှစ် မိုးရာသီကာလတွင် ရေကြီးနစ်မြုပ်မှုအန္တရာယ်ကြိုတင်ကာကွယ်ရေး အချိန်နှင့်တပြေးညီ တင်ပြပေါင်းစပ် စီမံဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်