နေပြည်တော် အောက်တိုဘာ ၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယမန်နေ့နံနက်ပိုင်းက လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လေကြောင်းပျံသန်းမှု လမ်းညွှန်ထိန်းသိမ်းရေးဌာနခွဲ သို့ရောက်ရှိပြီး Air Traffic Management Centre – ATMC အစည်းအဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းပြောကြားပြီး လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဝန်ထမ်းကျင့်ဝတ်များ နှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လုပ်ကိုင်ဆောင်ရွက်သွားကြရန်၊ ဝန်ထမ်းများ၏ သက်သာ ချောင်ချိရေးကို တတ်နိုင်သမျှ အလေးထားဆောင်ရွက်ပေးရန်၊ လေယာဉ်စီးခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းမှုရှိပြီး လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ရေးကို အလေးထားဆောင်ရွက်သွားကြရန်၊ လေဆိပ်များ တွင် အသုံးပြုလျက်ရှိသော X-ray စက်များနှင့် CCTV များ ကောင်းမွန်မှုရှိစေရေး၊ လေယာဉ်ပြေးလမ်းမီး စနစ်များ ကောင်းမွန်မှုရှိစေရေး၊ လေကြောင်းထိန်းမျှော်စင်များရှိ ဆက်သွယ်ရေးစက်များ ကောင်းမွန်နေ စေရေး၊ လေယာဉ်ကွင်း ရာသီဥတုဆိုင်ရာကိရိယာများ ကောင်းမွန်နေစေရေး အလေးထားဆောင်ရွက် သွားရန် မှာကြားသည်။
ထို့နောက် ATMC Centre ၌ 3 D Aerodrome Simulator တပ်ဆင်ထားရှိမှု၊ လေကြောင်းထိန်းသိမ်းရေး စက်ပစ္စည်းအသစ်များ တပ်ဆင်ပြီးစီးမှု၊ Area Control Centre နှင့် လေကြောင်းထိန်းမျှော်စင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မြန်မာအမျိုးသားလေကြောင်း၊ ပျံသန်းမှုလုပ်ငန်းဌာန ပျံသန်းရေးဌာန သင်တန်းခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လေယာဉ်များ စွမ်းအားပြည့် ပျံသန်း ပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်/ဝေဟင် အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ မြန်မာအမျိုးသား လေကြောင်း၏ လေယာဉ် အကြီးစား ပြင်ဆင်မှုအလုပ်ရုံ(MRO)သို့ သွားရောက်၍ လေယာဉ်ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းမှုရှိစေရေး၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှုရှိစေရေး အထူးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


