ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရန်ကုန်မြို့ရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၄ ဒီဇင်ဘာ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် (၃)ဆိုင်တို့တွင် မော်တော်ယာဉ်များသို့ CNG ဖြန့်ဖြူးရောင်းချနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ မင်္ဂလာဒုံမြို့နယ်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်အမှတ် (၀၀၈) ပုလဲသို့ရောက်ရှိပြီး သဘာဝဓာတ်ငွေ့ လာရောက်ဖြည့်တင်းသော ယာဉ်မောင်းများအားတွေ့ဆုံ၍ ဓာတ်ငွေ့ဝယ်ယူဖြည့်တင်းရာတွင် ကြုံတွေ့ရသောအခက်အခဲများ အားမေးမြန်း၍ လိုအပ်သည်များအား ပူးပေါင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ်(၀၄၂) ထောက်ကြန့်နှင့် ရွှေပြည်သာမြို့နယ်ရှိ (၀၂၇) ရွှေပြည်သာ-၂ တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး (၀၄၂) ထောက်ကြန့် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်၏ အစည်းအဝေးခန်းမတွင် CNG အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသော Standard Operating Procedure (SOP) များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ သဘာဝဓာတ်ငွေ့အရောင်းဆိုင်ရှိ ဝန်ထမ်းများမှ ပြည်သူသို့ဓာတ်ငွေ့များ ဖြန့်ဖြူးရောင်းချရာတွင် ဆက်ဆံရေးပြေပြစ်စွာဖြင့် ပြောဆိုဆက်ဆံကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အဆင့်ဆင့်ညွှန်ကြားထားရန် လိုအပ်ပါကြောင်း၊ ၂၄ နာရီ ပိတ်ရက်မရှိ ရောင်းချနေရသည်ဖြစ်၍ ညအချိန်တွင် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် သဘာဝဓာတ်ငွေ့ကို ၁၉၈၆ ခုနှစ်တွင် အရောင်းဆိုင် ၃ ဆိုင်ဖြင့် စတင်ဖြန့်ဖြူးရောင်းချခဲ့ရာမှ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၁ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် အရောင်းဆိုင် ၂ ဆိုင်နှင့် မကွေးတိုင်းဒေသကြီးတွင် အရောင်းဆိုင် ၃ ဆိုင် စုစုပေါင်း ၄၆ ဆိုင်အထိ တိုးတက်လာခဲ့ပြီး            သဘာဝဓာတ်ငွေ့သုံး (Natural Gas Vehicle-NGV) မော်တော်ယာဉ် ၂၈၂၉၉ စီးတို့အား နေ့စဉ်သဘာဝဓာတ်ငွေ့ကုဗပေ (၂၃)သန်းခန့် အသုံးပြု၍ 1 kg လျှင် ၂၇၃ ဒသမ ၂၅ ကျပ်နှုန်းဖြင့် နေ့စဉ်စုစုပေါင်း kg 510000 ကျော်ခန့်အား ရောင်းချပေးလျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့သော အရောင်းဆိုင်များအား ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် CNG ဆိုင်နေရာသစ်များ ထပ်မံဖွင့်လှစ်နိုင်ရေးကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ CNG အရောင်းဆိုင်များတွင် နည်းပညာမြင့် CNG Compressor စက်သစ်များ အစားထိုးတပ်ဆင်ထားသောကြောင့် ဓာတ်ငွေ့ဖြည့်တင်းမှု ပိုမိုမြန်ဆန်လာပြီး အရောင်းဆိုင် ပြင်ပလမ်းမပေါ်တွင် ယာဉ်တန်းစီမှုလျော့နည်းလျက်ရှိသည်။ ရောင်းချနေသည့် CNG ဈေးနှုန်းသည် ၁ ဂါလံလျှင် ၁၀၀၀ ကျပ်နှုန်းနှင့် ညီမျှရာ ဒီဇယ်၊ ဓာတ်ဆီတို့၏ ဈေးနှုန်းထက် (၃)ဆခန့်သက်သာသဖြင့် ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးကဏ္ဍများတွင် သက်သာစွာအသုံးပြုလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်