နေပြည်တော် ဒီဇင်ဘာ ၁၁

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ထိန်ချုံးမြို့ရှိ ထိန်ချုံးသိပ္ပံပညာရှင်များဖိုရမ် (၂၀၂၄) ဒုတိယနေ့ အစီအစဉ်များကို ဒီဇင်ဘာ ၇ ရက်၌ ဆက်လက်ကျင်းပရာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်‌သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

 

နံနက်ပိုင်း၌ ပြည်ပဆက်ဆံရေးဌာန တာဝန်ရှိသူများက ဒုတိယဝန်ကြီးနှင့်အဖွဲ့ကို ထိန်ချုံးမြို့၏ အထင်ကရ ကျင်းကော (Ginkgo) ရွာသို့ လေ့လာရေး ပို့ဆောင်ပေးရာ အဆိုပါရွာသည် နှစ်ပေါင်း ၁၃၀၀ ကျော်နှင့် ၁၁၀၀ ကျော် သက်တမ်းရှိသော Ginkgo ပင်ကြီးနှစ်ပင်နှင့် နှစ်တစ်ရာကျော် သက်တမ်းရှိသော Ginkgo ပင်ကြီးများဖြင့် သာယာလှပသော ရွာဖြစ်ပြီးလက်ရှိ လူဦးရေ (၄၀၀၀)ကျော် နေထိုင်လျက်ရှိ၍ ဒေသထွက် ကုမ်ကြမ်းပစ္စည်းများကို အသုံးပြု၍ လက်မှုနှင့် စက်မှုနည်းပညာတို့ပေါင်းစပ်ကာ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးများ ထုတ်လုပ်ရောင်းချသော ရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

 

မွန်းလွဲပိုင်း၌ ဖိုရမ် (၂၀၂၄) အစီအစဉ်အရ ကျင်းပသော International Intellectual Property Innovative Cooperation Seminar in South and Southeast Asia ဖွင့်ပွဲ အခမ်းအနားသို့ တောင်အာရှနှင့် အရှေ့တောင်အာရှ (၇)နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက နည်းပညာဆိုင်ရာ ရှာဖွေတွေ့ရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ခေတ်သစ်၌ ဉာဏပစ္စည်း မူပိုင်ခွင့်ကာကွယ်မြှင့်တင်ရေးသည် တီထွင်ဆန်းသစ် ဖန်တီးနိုင်မှု၊ သုတေသနပြုမှု၊ သိပ္ပံနှင့်နည်းပညာ တိုးတက်မှုတို့အတွက် မရှိမဖြစ် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ၁၉၉၆ ခုနှစ်မှ စ၍ ဉာဏပ စ္စည်းမူပိုင်ခွင့်ကာကွယ်ရေးနှင့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ၂၀၀၁ ခုနှစ်၌ ကမ္ဘာ့ ဉာဏပစ္စည်း မူပိုင်ခွင့်အဖွဲ့အစည်း (World Intellectual Property Organization - WIPO) နှင့် ကမ္ဘာ့ကုန်သွယ်‌ရေးအဖွဲ့အစည်း (World Trade Organization-WTO)တို့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့် ဥပဒေ၌ (Patent Law) ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လက်ရှိ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ တာဝန်ခံဝန်ကြီးဌာန ဖြစ်ပါကြောင်း။

 

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် နည်းပညာ လွှဲပြောင်းစင်တာ တည်ထောင်ထားပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ လွှဲပြောင်းရေးနှင့် ဖြန့်‌ဝေရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၌ မူပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းမှုများနှင့် အခင်းအကျင်းများ တည်ထောင်ပြီးဖြစ်ရာ စက်မှုကုန်ထုတ် စီးပွားရေးလုပ်ငန်းများကို လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ပါကြောင်း၊ ဉာဏပစ္စည်း မူပိုင်ခွင့် ပိုမိုအားကောင်းလာစေရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် စဥ်ဆက်မပြတ် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် Key Note Speech အစီအစဉ်၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ခံများက နိုင်ငံအလိုက် ဉာဏပစ္စည်း မူပိုင်ခွင့် ဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ညနေပိုင်း၌ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်