နေပြည်တော် ၃၀ သြဂုတ်
သတ္တမအကြိမ်မြောက် နိုင်ငံတကာစက်မှုနည်းပညာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပ ရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ ပြပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ စက်မှုဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအုန်းဝင်း၊ ဦးစိုးဝင်း၊ ဒေါက်တာမြင့်ထွေး၊ ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ Myanmar Engineering Society ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာထွန်း၊ Hitachi Soe Electric & Machinery Co.,Ltd Managing Director Mr. Hayashi Yasumasa ၊ Hitachi Soe Electric & Machinery Co.,Ltd Chairman ဦးကျော်မင်းထွန်း၊ Naung Yoe Technologies Co.,Ltd မှ Managing Director ဦးရဲဝင်းထွဋ်တင်နှင့် MPS Co.,Ltd မှ Managing Director ဒေါက်တာဇာနည်မောင်မောင်တို့က စက်မှုနည်းပညာပြပွဲကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ခင်းကျင်းပြသထားသော နိုင်ငံတကာမှ စက်မှုနည်းပညာ ကုမ္ပဏီကြီးများ၏ ထုတ်ကုန်ပြခန်းများ၊ စက်မှုဝန်ကြီးဌာနအောက်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းနှင့် မြန်မာ့ဆေးဝါးလုပ်ငန်းတို့၏ ထုတ်ကုန်ပစ္စည်းပြခန်းများ၊ ပုဂ္ဂလိကကုမ္ပဏီ (၁၃) ခုတို့၏ ထုတ်ကုန်ပစ္စည်း ပြခန်းများအား လှည့်လည်ကြည့်ရူ အားပေးကြသည်။
သတ္တမအကြိမ်မြောက် နိုင်ငံတကာ စက်မှုနည်းပညာပြပွဲနှင့်အတူ စက်မှုဝန်ကြီးဌာနကကြီးမှူး၍ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက ပံ့ပိုးကူညီကျင်းပသည့် တီထွင်ဖန်တီးမှုစွမ်းရည် ပြိုင်ပွဲ (ကနောင်) Inventor Award ပြိုင်ပွဲကြီးကိုလည်း တစ်ပြိုင်နက်တည်း ထည့်သွင်းကျင်းပ လျက်ရှိသည်။
သတ္တမအကြိမ်မြောက် နိုင်ငံတကာ စက်မှုနည်းပညာပြပွဲကို အဆိုပါခန်းမ၌ စက်တင်ဘာ ၁ ရက်အထိ ပြသသွားမည်ဖြစ်ကြောင်းနှင့် တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲ (ကနောင်) Inventor Award ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ ၁ ရက်တွင် ကျင်းပပြီး ပထမဆုအနေဖြင့် ငွေကျပ် ၅ သိန်း၊ ဒုတိယဆုအနေဖြင့် ငွေကျပ် ၃ သိန်း၊ တတိယဆုအနေဖြင့် ငွေကျပ် ၂ သိန်းနှင့် နှစ်သိမ့်ဆုအနေဖြင့် ငွေကျပ် ၁ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)


