ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်နှင့် မိတ်သဟာယညစာစားပွဲသို့ တက်ရောက်

နေပြည်တော် ၁၈ ဒီဇင်ဘာ

ခရစ်ယာန်အသင်းတော်ပေါင်းစုံ အဖွဲ့ချုပ်ကြီးများ စုပေါင်းကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်နှင့် မိတ်သဟာယ ညစာစားပွဲကို ယနေ့ ညနေ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်းတို့ တက်ရောက်ကြသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး ဒေါ်နန့်ကြင်ကြည်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီး ဒေါ်အေးသီတာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး ဒေါ်သိန်းယဉ်ချေ၊  ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ၎င်းတို့၏ဇနီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဂိုဏ်းချုပ်ဆရာတော်ကြီးများ၊ သိက္ခာတော်ရဆရာတော်များ၊ ခရစ်ယာန်အသင်းတော်များမှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

4+

အခမ်းအနားတွင် မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရ ဒေါက်တာ အေးမင်းက ပဏာမဆုတောင်းပေးသည်။

ထို့နောက် မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ မောရစ်လျံနာက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ခရစ္စမတ်နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သာသနာပိုင်ချုပ် စတီဗင်သန်းမြင့်ဦးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံသူနိုင်ငံသားများအတွက် မေတ္တာပို့ဆုတောင်းပေးသည်။

ထို့နောက် မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ် သိက္ခာတော်ရ ဆရာဦးနိုနို၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ သိက္ခာတော်ရ ဆရာဦးမျိုးဝင်းနှင့် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ Father, Lucus Suan Za Lian တို့က သမ္မာကျမ်းစာများကို ဖတ်ကြားကြသည်။

ယင်းနောက် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ လက်ထောက်ဆရာတော်ကြီး ဆရာတော် ဂျွန်စောယောဟန်က ခရစ္စမတ်ဒေသနာကို ဟောကြားပြီး မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ မန်းပါမာစတန်က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ခရစ်ယာန်အသင်းတော် ပေါင်းစုံအဖွဲ့ချုပ်ကြီးများကိုယ်စား မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ဆရာတော် ဂျွန်မန်းဆိန်းဟီက ခရစ္စမတ်လက်ဆောင်ပေးအပ်သည်။

5+

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ခရစ်ယာန်အသင်းတော် ပေါင်းစုံအဖွဲ့ချုပ်ကြီးများအား ခရစ္စမတ်လက် ဆောင်ပေးအပ်သည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ယင်းနောက် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ ဒုတိယဥက္ကဋ္ဌ ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးမြတ်ဆန်းက ကျေးဇူးတော်ချီးမွမ်းဆုတောင်းပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသူမျးကယေရှုကြွလာတော်မူကျုးဓမ္မတေးသီချင်းကို သီဆိုချီးမွမ်းကြသည်။

ထို့နောက် မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာ ဦးအောင်သက်ညွန့်၏ ကောင်းချီးပေးခြင်းအားဖြင့် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် မိတ်သဟာယညစာကို အတူတကွ သုံးဆောင်ကြသည်။

သတင်းစဉ်