နေပြည်တော်၊ အောက်တိုဘာ ၂၆
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့နံနက်ပိုင်းက နေပြည်တော် သပြေကုန်းဈေးရှိ ဈေးသူ/ဈေးသား များကို ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှကျန်းမာရေး ဝန်ထမ်းများဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးနေမှုကိုသွားရောက် ကြည့်ရှု အားပေးသည်။
ထိုသို့ ကြည့်ရှုရာတွင် ဒုတိယမြို့တော်ဝန်က အများပြည်သူ ရောင်းဝယ် ဖောက်ကား သွားလာကြသည့် ဈေးများမှတဆင့် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသည့် ဈေးသူ/ဈေးသားများအနေဖြင့် ကာကွယ်ဆေး မပျက်မကွက် ထိုးနှံကြရန်နှင့် ဈေးများဌာန တာဝန်ရှိသူများ အနေဖြင့်လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဈေးသူ/ဈေးသားများ၏ စာရင်းအားပြုစု၍ အမြန်ဆုံး ထိုးနှံနိုင်ရေး သက်ဆိုင်ရာသို့ အချိန်မီတင်ပြဆောင်ရွက်ကြရန် မှာကြားသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ရှိ ဈေးပေါင်း(၃၄)ဈေးမှ ဈေးသူ/ဈေးသား (၄၄၂၉)ဦးကို အောက်တိုဘာ ၂၂ ရက် နေ့မှ နိုဝင်ဘာ ၂ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ဓါတ်ခွဲစစ်ဆေး စမ်းသပ်ပေးသွားမည် ဖြစ် ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများကို သက်ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသ ရေးစင် တာများသို့ ပို့ဆောင်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


