ဒါန်းစမ်း-ဂွေးချို-လက်မြှောင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိ

အောင်လံ  ၃၁  ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ ဒါန်းစမ်း၊ ဂွေးချို၊ လက်မြှောင်ကျေးရွာနေ ပြည်သူများ၏ လယ်ယာထွက်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အချိန်မီ တင်ပို့နိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဒါန်းစမ်း-ဂွေးချို-လက်မြှောင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းကို ဒီဇင်ဘာလ ဒုတိယအပတ်မှ စတင် ဖောက်လုပ် လျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

035

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် “က အဆင့်ဝင်လမ်းနှင့် “ခအဆင့်ဝင်လမ်းစာရင်းတွင်ပါဝင်ခြင်းမရှိဘဲ ကျေးလက်နေ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများ၏ ထုတ်ကုန်/ ထွက်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် လျှင်မြန်စွာရောက်ရှိစေရန် သယ်ပို့ ပေးနိုင်မည့် ဆိပ်ခံသွားလမ်း အပါအဝင် အထောက်အကူပြုလမ်းများ၊ ခေတ်မီစက်မှုလယ်ယာအတွင်းရှိလမ်းများ၊ ရေကျော်၊ မြောင်းကူးတံတားနှင့် ဆိပ်ခံတံတားများကို ၂၀၁၈ခုနှစ် မီနီဘတ်ဂျက်မှစ၍ ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးက ရှင်းပြသည်။

 

036

 

ကျွန်တော်တို့ ယခု ဒါန်းစမ်း-ဂွေးချို-လက်မြှောင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် နှစ်မိုင် ၊ အကျယ် ၁၂ ပေကို အမြင့်တစ်ပေထု မြေသားတစ်ပေထုခင်းခြင်းနဲ့ ကိုးလက်မထု မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းကိုတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၇၂ သန်းနဲ့ တင်ဒါအောင်မြင်သည့် ဟိန်းလျှံစိုး ကုမ္ပဏီက ဒီဇင်ဘာလ ဒုတိယအပတ်မှ စတင်ဆောင်ရွက်လျက်ရှိပြီး၊ ယခုနှစ် မိုးရာသီမတိုင်မီ အပြီးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးက ဆက်လက်ပြောပြသည်။

 

9638

 

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို အောင်လံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးတို့က ကျေးရွာလမ်း ကော်မတီဝင်များနှင့်အတူ ဒါန်းစမ်း-ဂွေးချို-လက်မြှောင်ကျေးရွာ ကျေးလက် ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

 

အဆိုပါ ဒါန်းစမ်း-ဂွေးချို-လက်မြှောင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက ဒါန်းစမ်း၊ ဂွေးချို၊ လက်မြှောင် ကျေးရွာသုံးရွာရှိ လယ်မြေဧက ၅၄၀ ကျော် အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါ လယ်ယာများမှ ထွက်ရှိသော လယ်ယာထွက်ကုန်တွေကို ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)