ဒိုင်ဗင်တင်လှနှင့် ရုပ်ရှင်စကားဝိုင်း

၁၂ ဧပြီ

 

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်

 

ရုပ်ရှင်စတန့်မင်းသားတွေဟာ သက်စွန့်ဆံဖျား အသက်ကိုရင်းပြီးတော့ စတန့်တွေလုပ်ခဲ့ကြတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ တချို့ဆိုရင်လည်း စိတ်တွေဘာတွေ ဂယောက်ဂယက်ဖြစ်ပြီးတော့ အသက်တိုကြရ။ ဒီလိုဟာတွေ တော်တော်များများကို ကျွန်တော်တွေ့ခဲ့ရပါတယ်။ စတန့်မင်းသားရဲ့ ဘဝ ဆိုတာဟာ တကယ့်ကို နုနုနယ်နယ်နဲ့ ပျော့ပျော့ပျောင်းပျောင်း ဘဝခရီးကိုလျှောက်ရတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဒီအချိန်မှာ တော်တော်များများ စတန့်မင်းသားတွေဟာ မရှိကြတော့ပါဘူး။ အဲဒီအထဲမှာ ရှားရှားပါးပါးနဲ့ ကျွန်တော်တို့ ထူးထူးခြားခြားတွေ့ရတဲ့ စတန့်မင်းသားတစ်ယောက်ရှိပါတယ်။ သူကတော့ အခု ကျွန်တော်နဲ့ဆွေးနွေးမယ့် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ့ရဲ့အသက်ကိုပြောရမယ်ဆိုရင်တော့ အခုဆိုရင် အသက် ၉၄ နှစ်ထဲကို ရောက်နေပါပြီ။ သူကတော့ ကျွန်တော်တို့အရွယ်တွေ တော်တော်များများသိကြ အားပေးခဲ့ကြ၊ လက်ခုပ်တီးခဲ့ကြ၊ လက်ခေါက်မှုတ်ခဲ့ကြတဲ့ စတန့်မင်းသား ဒိုင်ဗင်တင်လှဖြစ်ပါတယ်။ အခုကျွန်တော် စတန့်မင်းသားဒိုင်ဗင်တင်လှနဲ့ ရုပ်ရှင်စကားဝိုင်းကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

 

ယမန်နေ့မှ အဆက်

 

ကြည်စိုးထွန်း ။ ။ ထင်ရတာပေါ့။ အဲဒီလို နည်းနည်းလေး လှည့်စားပြီးတော့ ရိုက်တယ်။ အဘတို့ ခေတ်တုန်းကတော့ ဒိုင်ဗင်ထိုးဆိုလည်း လူစားမရှိဘူး။ ကိုယ်တိုင် ထိုးရတာနော်။ ဆိုင်ကယ်စီးဆိုလည်း ကိုယ်တိုင်စီးရတာ တစ်ခါတည်း ဒီဆိုင်ကယ်ကနေပြီးတော့ လိုက်ပြီးတော့ ရှေ့ကားက မင်းသမီးကရှေ့ ကကားပါသွား ပြီ မင်းသားကနောက်ကနေ ပြီးတော့ ဆိုင်ကယ်နဲ့လိုက်၊ အနားလည်းရောက်ရော တစ်ခါတည်း ဆိုင်ကယ်ပေါ်ကနေ ကန်ပြီးတော့ ကားပေါ်ကို ဒိုင်ဗင်ထိုး တက်တာမျိုးတွေက အဲဒီလိုဟာမျိုးတွေက တကယ်လုပ်ကြရတာကိုးနော်။ တကယ် လုပ်ကြရတယ်။ တချို့လည်း တကယ်ထိ သွားတာပေါ့။ တကယ်သူ့ဟာသူ ချိန်သား ကိုက်ပြီးတော့ တွက်ပြီးတော့လုပ်တဲ့ ဥပမာ အဘတို့လိုပေါ့လေ။ စတန့်မင်းသားတွေနဲ့ ဆိုရင်တော့ သူ့ဟာသူ အဆင်ပြေသွားတာပေါ့။ ဒါတောင်မှ ဘာပဲဖြစ်ဖြစ် အဘရယ် တဖြည်းဖြည်းကျတော့ ဒဏ်တွေက ဖြစ်ဖြစ်လာတာပေါ့။ အဘက အခု ၉၄ နှစ်ထဲ ရောက်ပြီ၊ ဘာမှဒီဒဏ်တွေ မရှိဘူးဆိုတော့ အဘပြောသလို အနန္တောအနန္တငါးပါး ကျေးဇူးပါပဲ။

 

ဒိုင်ဗင်တင်လှ ။ ။ ဟုတ်တယ် ဒဏ်မရှိဘူး။ ကျန်းမာတယ်။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့။ နောက်ဆုံးပေါ့လေ။ အဘမှတ်မိတဲ့ ကားတစ်ကားလောက်ပြောပါ၊ အဘရိုက်တဲ့ကားထဲက အဘမှတ်မိ တဲ့ကား၊ မှတ်မိတဲ့ကားဆိုတာ တကယ်ကို စိတ်ထဲမှာ မှတ်မိနေတာ အဲဒီကားကို အဲဒါ မျိုး။

 

ဒိုင်ဗင်တင်လှ ။ ။ “စောရသက်ပြင်း' တို့၊စောရလက်ဝဲ' တို့။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

 

ဒိုင်ဗင်တင်လှ ။ ။ “သူမိုက် ကိုယ်မိုက်' တို့က တော်တော်ထိုး ကြတယ်ပေါ့။

 

ကြည်စိုးထွန်း ။ ။ “သူမိုက် ကိုယ်မိုက်'။

 

ဒိုင်ဗင်တင်လှ ။ ။ နောက် “သူပုန်မ'။

 

ကြည်စိုးထွန်း ။ ။ “သူပုန်မ' အဲဒီမှာလည်း တကယ်ထိုး ကြရတယ်၊ ဒိုင်ဗင်ကတော့ ကားတိုင်းထိုးရ တာပေါ့။

 

ဒိုင်ဗင်တင်လှ ။ ။ ဒိုင်ဗင်ကအမြဲပါတယ် မပါလို့မရဘူး။

 

ကြည်စိုးထွန်း ။ ။ ဒါပေါ့ ဒိုင်ဗင်တင်လှ ဖြစ်နေတာကိုးနော်။ ဒိုင်ဗင်တင်လှဖြစ်နေတော့ ဒိုင်ဗင်ကမထိုးလို့ မဖြစ်ဘူးပေါ့။

 

ဒိုင်ဗင်တင်လှ ။ ။ ဒိုင်ဗင်တင်လှ နာမည်ပေးထားတော့ ကားထဲမှာ ဒိုင်ဗင်မပါရင် ပရိသတ်က ဘယ်ကြည့်တော့မလဲ။ ဒီဗမာပြည်က တံတားတွေထဲမှာ အဘ မထိုးဖူးတဲ့ တံတားမရှိဘူး၊ ငမိုးရိပ်တို့၊ စစ်တောင်းတံတားတို့ အကုန်လုံးထိုးပြီးပြီ။

 

ကြည်စိုးထွန်း ။ ။ ဪ ဒိုင်ဗင်ထိုးဖူးတယ်။ ဟုတ်ကဲ့ ဟုတ်ကဲ့၊ အဲဒီတုန်းက ထိုးတုန်းက အဘရိုက် တဲ့အခါမှာ။

 

ဒိုင်ဗင်တင်လှ ။ ။ နောက်က ရဲတွေ လိုက်လို့ ပြေးပြီးတော့ အဲဒီကနေ ထိုးပြီးသွားတာ ထိုးလိုက်တော့ လွတ်သွားရော။

 

ကြည်စိုးထွန်း ။ ။ အဲ အဲဒီလို ဟုတ်ပြီ။ အဘ ဇာတ်လမ်းက တော့ အဲဒီလိုပေါ့။ တကယ်ထိုးတဲ့အခါကျတော့ အဘတို့ကို ကယ်ဖို့ပေါ့နော်။ တစ်ခုခုဖြစ်ရင် တစ်စုံတစ်ခုဖြစ်ရင် ကယ်ဖို့ဆိုပြီးတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ရှိလား အဲဒီတုန်းက။

 

ဒိုင်ဗင်တင်လှ ။ ။ ကယ်ဆယ်ရေး အဖွဲ့မလိုဘူး။ ဘာမှမဖြစ်ပဲကိုး၊ ကယ်ဆယ်ရေးမလိုဘူး။

 

ကြည်စိုးထွန်း ။ ။ တစ်စုံတစ်ခုများ ဖြစ်သွားရင် ဆိုပြီးတော့ စောင့်တာလဲ မရှိဘူး။

 

ဒိုင်ဗင်တင်လှ ။ ။ ဘာမှမလိုဘူး။

 

ကြည်စိုးထွန်း ။ ။ ချကြတာပဲ အဲဒါမျိုးလည်း ရအောင်ရိုက်တာပဲ။

 

ဒိုင်ဗင်တင်လှ ။ ။ ဟုတ်ကဲ့။

 

ကြည်စိုးထွန်း ။ ။ မှော်ဆရာတွေကလည်း ဘယ်လိုလဲ၊ ခိုင်းတာပဲလား၊ ဘာမှညှာညှာတာတာ မရှိဘူးလား တင်ဖေတို့၊ ဆရာ ကိုလှတင်တို့၊ မောင်မောင်စိန်။ ။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဟုတ်ကဲ့။ သူတို့ကလည်း ခိုင်းတာပဲလား အဘတို့ကို။ ။

ဒိုင်ဗင်တင်လှ ။ ။ ခိုင်းတာပေါ့။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။ အဲဒီတော့ခုနက မှတ်မိတဲ့ 'စောရ သက်ပြင်း' မှာ ဘာတွေမှတ်မိလဲအဘ။ 'စောရ သက်ပြင်း တုန်းက။

 

ဒိုင်ဗင်တင်လှ ။ ။ “စောရသက်ပြင်း' မှာ အဘက မဟုတ်မခံလူဆိုးလို ဖြစ်နေတာပေါ့။ မဟုတ်မခံဘူးလေ။

 

ကြည်စိုးထွန်း ။ ။ အဲဒီတော့ ပြဿနာတွေဖြစ်။

 

ဒိုင်ဗင်တင်လှ ။ ။ ဇာတ်ကားထဲမှာပေါ့။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

 

ဒိုင်ဗင်တင်လှ ။ ။ မတရားတာ မကြိုက်ဘူး။ မတရားလုပ်ရင် ချတယ်။ အဲဒီလိုဇာတ်လမ်းက အဲဒီလို မဟုတ်မခံ။ မတရားလုပ်တာ မရဘူး။

 

ကြည်စိုးထွန်း ။ ။ အဘ အဲဒီတော့ စတန့်ကားတွေထဲမှာ သရုပ်ဆောင် လာတာပေါ့နော်။ အသံတိတ်ခေတ်က နေပြီးတော့ အသံထွက်ခေတ်အထိ သရုပ်ဆောင်လာတယ်၊ နောက်ကျတော့ ဒီဘက်ခေတ်ရောက်တဲ့ အခါကျတော့ စတန့်ကားတွေက နည်းနည်းလေး အရိုက်ကျဲလာတော့ပေါ့ နော်။ အရိုက်လာတော့ အဘကဇာတ်ထဲကို လိုက်လိုက်ရတာပေါ့နော်၊ ပုသိမ်ကဇာတ်ထဲကို လိုက်လိုက်ရတာပေါ့နော်၊ အဲဒီထဲမှာ အဘက ပြဇာတ်မင်းသား လိုက်လုပ်တယ်နော်။ အဲဒီနောက်ပိုင်းရော အဘရုပ်ရှင်ထဲ ပြန်ရောက်သေးလား။

 

ဒိုင်ဗင်တင်လှ ။ ။ အဲဒီ နောက်ပိုင်း သင်္ဘောသားလုပ်ပြီး နိုင်ငံခြားထွက်သွားတယ်၊ နိုင်ငံခြားသင်္ဘော Foreign seaman သင်္ဘောသားပဲ ဖြစ်တယ်။

 

ကြည်စိုးထွန်း ။ ။ ဪ ရုပ်ရှင်ထဲက ထွက်သွားပြီး သင်္ဘော နောက်လိုက်နေတယ်၊ ဪ ကမ္ဘာပတ်တော့ တာပေါ့၊ အဲဒီမှာ ရုပ်ရှင်နဲ့ အဆက်ပြတ်သွား လား။

 

ဒိုင်ဗင်တင်လှ ။ ။ အဘလည်း သင်္ဘောသား ဖြစ်သွားတော့ ရုပ်ရှင်နဲ့က အဆက်ပြတ်သွားတယ်။

 

ကြည်စိုးထွန်း ။ ။ ပြန်လာတော့ ဆက်မရိုက်ဘူးလား။

 

ဒိုင်ဗင်တင်လှ ။ ။ သင်္ဘောကြီး ပေါ်ကလည်း ဒိုင်ဗင်ထိုးလိုက်တာပဲ။

 

ကြည်စိုးထွန်း ။ ။ သင်္ဘောကြီးပေါ်က ဒိုင်ဗင်ထိုးတယ်။

 

ဒိုင်ဗင်တင်လှ ။ ။ ကပ္ပတိန်တို့၊ ဘာတို့က တော့ don't do like this very dangerous အန္တရာယ်ရှိတယ် မလုပ်နဲ့၊ မလုပ်ပါဘူးဆိုပြီး သူတို့လစ်ရင် ထိုးတာ။

 

ကြည်စိုးထွန်း ။ ။ သော် သူတို့လစ်ရင် သင်္ဘောပေါ်ကနေ ထိုးတာ ဟုတ်ကဲ့၊ အဲဒီမှာ တချို့က သဘောမကျဘူးလား အဘဒိုင်ဗင် ထိုးပြတာကို။ 

 

ဒိုင်ဗင်တင်လှ ။ ။ တစ်ယောက်သင်္ဘောသား အချင်းချင်းက ပေးတယ်။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့၊ ဒိုင်ဗင်ထိုးပြစမ်းပါ ဆိုပြီးတော့ သူတို့က ဟုတ်ကဲ့ အလောင်းအစားတွေကော မလုပ်ဘူးလား။ အဲဒီမှာ ထိုးရဲတယ် မထိုးရဲဘူးဆိုပြီးတော့။

 

ဒိုင်ဗင်တင်လှ ။ ။သူတို့က မထိုးရဲဘူးလေ။

 

ကြည်စိုးထွန်း ။ ။ အလောင်းအစားတွေကော မဖြစ်ဘူးလား။

 

ဒိုင်ဗင်တင်လှ ။ ။ အလောင်းအစားတွေလား။ ဘုရင့်နောင် တံတားပေါ်က တစ်သိန်းကြေးလောင်းထိုးတာ၊ အဘထိုးတယ်၊ နောက်ဆုတ်သွားတယ်။ မလုပ်နဲ့တဲ့ မင်းတစ်သိန်းဆုံးမယ်ဆိုပြီး သူတို့လူအချင်းချင်း ပြန်လစ်သွားတယ် တစ်သိန်း။

 

ကြည်စိုးထွန်း ။ ။ ဟုတ်လား သင်္ဘောသား ဘဝတုန်းက ကော အဲဒီလိုအလောင်းအစားမရှိဘူးလား။

 

ဒိုင်ဗင်တင်လှ ။ ။ အလောင်းအစား မရှိဘူး။ ။

 

ကြည်စိုးထွန်း ။ ။ မင်း ဒီသင်္ဘောပေါ်ကနေမင်းထိုးရဲလား။ ထိုးရဲရင်။

 

ဒိုင်ဗင်တင်လှ ။ ။ သင်္ဘောကို port တွေဘာတွေ ဆိုက်လို့ ရှိရင်တော့။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

 

ဒိုင်ဗင်တင်လှ ။ ။ ဒိုင်ဗင်တွေ ဘာတွေထိုးတာပေါ့။ ကုန်တင် ကုန်ချတောင်တွေက အဲဒီကောင်တွေက တွေ့ရင်တော့ အဲဒီကောင်တွေက ဆုပေး တယ်ပေါ့လေ။

 

ကြည်စိုးထွန်း ။ ။လက်ခုပ် တီးပြီးတော့ ဘောက်ဆူးပေးတာပေါ့။

 

ဒိုင်ဗင်တင်လှ ။ ။ ဒေါ်လာတွေ ဘာတွေပေးတာပေါ့။

 

ကြည်စိုးထွန်း ။ ။ ကမ္ဘာပတ် လာတာဟုတ်လား၊ ကမ္ဘာပတ် ပြီးတော့ကို ဒိုင်ဗင်ထိုးလာတဲ့ သဘောပေါ့နော် အဘနော်၊ အဲဒီတော့အဘ အခုဟာ ကတော့ နှစ်တိုင်းလိုလိုလည်း အဘက ကန်တော့ခံထဲမှာ ပါနေပြီနော်။ ။

 

ဒိုင်ဗင်တင်လှ ။ ။ ပါတာပေါ့။

 

ကြည်စိုးထွန်း ။ ။ ရုပ်ရှင်အစည်းအရုံးက ကျွန်တော် မှတ်မိသလောက်က အဘကို ရုပ်ရှင်အစည်းအရုံး ကနေ လစဉ်လစဉ် ထောက်ပံ့ကြေးပေးတာလည်း အဘရတယ်မှတ်လား။ အဘတို့လို အသက်ကြီးတဲ့လူဆို ပေးပါတယ်နော်။ နောက်တစ်ခါ နှစ်တိုင်း နှစ်တိုင်း ကန်တော့တယ်ဆို အဘတို့က ထိပ်ဆုံးက ပါတယ်ပေါ့။ ရုပ်ရှင်နဲ့ကတော့ အဘက ဒီလို လူကြီး တစ်ယောက်အနေနဲ့ကတော့ အဆက်မပြတ်ဘူးပေါ့။ လူငယ်တွေကိုရော လူငယ်တွေရဲ့ အခုရုပ်မြင်သံကြားက လာနေတဲ့ ဇာတ်လမ်း တွေ ဘာတွေကော ကြည့်ရလား။ ။

 

ဒိုင်ဗင်တင်လှ ။ ။ နောက်ပိုင်း ဗီဒီယိုဇာတ်လမ်း အဘ သိပ်မသိတော့ဘူး။

 

ကြည်စိုးထွန်း ။ ။ သော် သိပ်မကြည့်ဖြစ်တော့ဘူး။ တစ်ခါ တလေ မကြည့်မိဘူးလား၊ အဘတို့ခေတ်နဲ့ မတူတော့ဘူးဆိုတာ သိလား။

 

ဒိုင်ဗင်တင်လှ ။ ။ အဘက ဘုရားက လွဲလို့ ဒါတွေအကုန် စွန့်ထားလိုက်ပြီ။ ။

 

ကြည်စိုးထွန်း ။ ။ မကြည့်တော့ဘူးလား။

 

ဒိုင်ဗင်တင်လှ ။ ။ ဘုရားဘက်ပါသွားပြီ။

 

ကြည်စိုးထွန်း ။ ။ ဪ ဟုတ်လား။

 

ဒိုင်ဗင်တင်လှ ။ ။ ဒါတွေဘာမှမစဉ်းစားတော့ဘူး။

 

ကြည်စိုးထွန်း ။ ။ အဲဒီတော့ အဘကဒီခေတ်က ရုပ်ရှင် လူငယ်တွေကို ဆုံးမမယ်ဆိုရင် အဘက ဘုရား တရားကို ကိုးကွယ်ဖို့၊ ဘုရားတရားကို မမေ့ဖို့၊ အနန္တောအနန္တငါးပါးကျေးဇူးကို မမေ့ဖို့။

 

ဒိုင်ဗင်တင်လှ ။ ။ဒါပဲ အဲဒါပဲ ပြောနေမှာပဲ။

 

ကြည်စိုးထွန်း ။ ။ အဲဒါပဲ အဘဆုံးမချင်တာပေါ့။

 

ဒိုင်ဗင်တင်လှ ။ ။ ဒီပြင်ဟာတွေ ဘာမှမသိဘူး။ ပြောလည်း မပြောတော့ဘူး။

 

ကြည်စိုးထွန်း ။ ။ဒီရုပ်ရှင် အနုပညာနဲ့ ပတ်သက်ပြီးရင်တော့ အဘက ဘယ်လိုမှ မပြောလိုတော့ဘူး။

 

ဒိုင်ဗင်တင်လှ ။ ။ မပြောတော့ဘူး။

 

ကြည်စိုးထွန်း ။ ။ အဲဒီတော့ အခုအဘ ဆုံးမချင်တဲ့ အကြောင်းအရာပေါ့။ ဒီခေတ် လူငယ်လေးတွေကို အဘအနေနဲ့ဆုံးမချင်တဲ့အကြောင်း အရာလေးတွေရှိရင် ခုနက ဟာလေးတွေ ပေါ်မှာ အခြေခံပြီးတော့ ဆုံးမပေးပါအဘ။

 

ဒိုင်ဗင်တင်လှ ။ ။ သူများကို မတရားတာတွေ မလုပ်နဲ့၊ ဘုရားမကြိုက်တာကို မင်းတို့မလုပ်ကြနဲ့ ဒါပဲ အဲဒါပဲ လုပ်နေရတယ်ပေါ့။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ အရက်မသောက်နဲ့၊ ဆေးလိပ် မသောက်နဲ့၊ နောက်ပြီးတော့ အန အနန္တငါးပါးကို မမေ့နဲ့၊ ဘုရားတရားကို အမြဲအာရုံပြု အဲဒါလေး အဘက ပြောချင်တယ်ပေါ့နော်၊ ဟုတ်ကဲ့လားအဘ။ အဘကမပြောဘူး၊ ကျွန်တော်က ချည်းပြောနေရတာလေ။

 

ဒိုင်ဗင်တင်လှ ။ ။ ဟုတ်တာပေါ့။ ။

 

ကြည်စိုးထွန်း ။ ။ (ရယ်၍) အဲဒီအတိုင်းပြောချင်တာပေါ့နော်၊ အဘ အဆုံးအမအတိုင်းပဲ။

 

ဒိုင်ဗင်တင်လှ ။ ။ ဟုတ်ကဲ့။

 

ကြည်စိုးထွန်း ။ ။တခြားပုဂ္ဂိုလ်တွေလိုပဲ ကျွန်တော်လည်း အဲဒီ အတိုင်းနေဖို့ ကျွန်တော်ကြိုးစားပါ့မယ် အဘရယ်၊ အခုလို အဘဒီမှာလာရောက် ပြီးတော့ ကျွန်တော့်ရဲ့ ရုပ်ရှင်စကားဝိုင်းလေးမှာ အသက်အကြီးဆုံး ပုဂ္ဂိုလ်အနေနဲ့ လာရောက် ဆွေးနွေးပေးတာကို ကျွန်တော်ကျေးဇူးတင်ပါတယ် အဘရေ၊ ကန်တော့ ပါတယ်နော် အဘ။

 

ဒိုင်ဗင်တင်လှ ။ ။ သာဓု သာဓု သာဓုပါဗျာ၊ ငါ့သားလေး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ သာဓု သာဓု သာဓု...။ ။

 

မြန်မာ့အလင်း