ဒိန်းမတ်နိုင်ငံမှာ အရွယ်ရောက်ပြီးသူတိုင်း ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးနိုင်

၁၉ မေ

 

ဒိန်းမတ်နိုင်ငံမှာ အရွယ်ရောက်ပြီးသူတိုင်း ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ ကို မနေ့က စပြီး စစ်ဆေးနိုင်ကြောင်း သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုးလက္ခဏာမရှိသူရော ရှိသူပါ COVID-19 စစ်ဆေး ခံရန် ဝက်ဆိုဒ်ကနေ ကိုယ်တိုင် ရက်ချိန်းယူနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

လက်ရှိအချိန်အထိ ရောဂါလက္ခဏာရှိသူတွေသာ ဆရာဝန်ရဲ့ ထောက်ခံချက်နဲ့ စစ်ဆေးနိုင်တာဖြစ်ပါတယ်။

 

မနေ့က ရောဂါပိုးတွေ့ရှိသူ ၄၁ ဦးရှိရာ မတ်လလယ်ပိုင်းကစပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိစုစုပေါင်း ၁၁,၁၆၆ ဦးရှိသွားကြောင်း သိရပါတယ်။

 

ရောဂါပိုးတွေ့ရှိသူ နှုန်းဟာ အနိမ့်ဆုံးကို ရောက်ရှိခဲ့ပြီဖြစ်တယ်။ ဗိုင်းရပ်စ် ရောဂါပိုးဟာ ဘယ်သူ့ဆီမှာ မှ ပုန်းအောင် မနေနိုင်အောင် လုပ်ဆောင်တာဖြစ်တယ်လို့  ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

 

မတ် ၁၁ ရက်နေ့ကစပြီး ရောဂါပိုး ထိန်းချုပ်ရန် တင်းကျပ်တဲ့ စည်းမျဉ်းတွေချမှတ်ခဲ့ပြီး ဧပြီ ၁၅ ရက်နေ့မှာ မူကြိုကျောင်းများနဲ့ မူလတန်းကျောင်းများ ပြန်ဖွင့်ခဲ့ပါတယ်။ အဲဒီနောက် တင်းကျပ်တဲ့ တားမြစ်ချက်တွေ ရုပ်သိမ်းပြီး အလှပြင်ဆိုင်တွေ၊ သွားဆေးခန်းတွေ၊ တက်တူးထိုးတဲ့ စတူဒီယိုတွေ နဲ့အတူ ရှော့ပင်းမောတွေနဲ့ ကုန်တိုက်ကြီးတွေပါ ပြန်လည်ဖွင့်လှစ်ခွင့် ပေးခဲ့ပါတယ်။

 

တနင်္လာနေ့မှာတော့ ကော်ဖီဆိုင်၊ ဘားတွေနဲ့ စားသောက်ဆိုင်တွေပါ ပြန်ခွင့်ရရှိခဲ့ပါတယ်။

 

MDN

ကိုးကား - AFP