ဒီဇင်ဘာပိတ်ရက်ကာလများတွင် မန္တလေးမြို့ရှိ ကမ္ဘာကျော်ဦးပိန်တံတားသို့ ပြည်တွင်းပြည်ပခရီးသွား နေ့စဉ်တစ်သိန်းကျော် လာရောက်လည်ပတ်

မန္တလေး ၂၇ ဒီဇင်ဘာ

 

ဒီဇင်ဘာပိတ်ရက်ကာလများတွင် မန္တလေးမြို့ရှိ ကမ္ဘာကျော်ဦးပိန်တံတားသို့ ပြည်တွင်းပြည်ပခရီးသွား နေ့စဉ်တစ်သိန်းကျော် လာရောက်လည်ပတ်လျက်ရှိကြောင်း ဦးပိန်တံတားအနောက်ထိပ်ရှိ တောင်မင်းကြီး ဘုရားဂေါပက ဉက္ကဋ္ဌ ဦးသန်းမြင့်ထံမှ သိရသည်။

 

023698

 

ယခုနှစ် ဒီဇင်ဘာပိတ်ရက်ကာလမှာ ပြည်တွင်းပြည်ပ ခရီးသွား နေ့စဉ်တစ်သိန်းကျော်လောက် လာရောက် လည်ပတ်လျက် ရှိပါတယ်၊ မြန်မာပြည်အောက်ပိုင်းမှ လာရောက်လည်ပတ်မှုများပါတယ်၊ ကရင်နှစ်သစ်ကူးနေ့ကဆိုရင် မွန်ပြည်နယ်က ဆရာတော်များဦးဆောင်ပြီး ဒေသခံများနှင့်အတူ ဦးပိန်တံတားကိုလည်ပတ်ကာ တောင်မင်းကြီးဘုရားမှာ ရင်ငွေ့တော်လှုံကြတယ်၊ ဒီဇင်ဘာ ပိတ်ရက်ဆိုတော့ ပြည်ပခရီးသွားတွေရော၊ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြတဲ့ ပြည်တွင်း ခရီးသွားတွေရော နေ့စဉ်စည်ကားပါတယ်၊ ညနေပိုင်းတွေမှာ ပိုမိုစည်ကားပါတယ်ဟု တောင်မင်းကြီး ဘုရားဂေါပကဉက္ကဋ္ဌ ဦးသန်းမြင့်က ပြောကြားသည်။

 

ကမ္ဘာကျော်ဦးပိန်တံတားသည် နှစ်ပေါင်း(၁၆၀)ကျော် သက်တမ်းရှိသော ကမ္ဘာ့အရှည်ဆုံး သစ်သားတံတား တစ်စင်းဖြစ်ပြီး မြန်မာသက္ကရာဇ် (၁၂၁၁) ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး (၁၂၁၃)ခုနှစ်တွင် ပြီးစီးခဲ့သည်။ တိုင်ပေါင်း(၁၀၈၆)တိုင်၊ အခန်းပေါင်း(၄၈၂)ခန်း၊ တံတားအရှည် (၁၉၇၆)ပေရှိကြောင်း မှတ်တမ်းများအရသိရပြီး ယခုနှစ် ဒီဇင်ဘာပိတ်ရက် ကာလများတွင် ပြည်တွင်းပြည်ပ ခရီးသွားနေ့စဉ် တစ်သိန်းကျော် လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)