ကျုံပျော်၊ ၁၃ ဒီဇင်ဘာ
ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြည်သူ့ဆေးရုံနှင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့ထံသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ဒီဇင်ဘာ ၁၃ ရက်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီက ယခုလှူဒါန်းပစ္စည်းများ လက်ခံရရှိမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်နိုင်နှင့် ဦးမျိုးသန့်(ဆရာမျိုး)တို့က လှူဒါန်းပစ္စည်းများ ရရှိမှုနှင့် ရောဂါကာကွယ်ကုသရေးပေးနေမှုအတွက် တာဝန်ယူဆောင်ရွက်နေကြသူများအား ကျေးဇူးတင်စကား ပြောကြားကြသည်။
ထို့နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းသော PPE ဝတ်စုံ (၁၀၀)၊ Surgial Grown (၂၀၀)၊ N 95 Mask(3M) (၁၂၀)၊ Face Shield (၄၀၀)၊ Plastic Apron (၁၀၀၀)၊ ခေါင်းစွပ် (၁၀၀၀)၊ လက်အိပ် (၁၅၀၀)၊ ခွဲစိတ်ခန်းသုံး လက်အိတ်(၅၀)၊ လက်သန့်ဆေးရည် (၅၀၀ မီလီ)(၂၅)ဘူး၊ အောက်ဆီဂျင်စက် (၂) လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ကလိုရင်းပိုးသတ်ဆေးရည် (၁၈)လီတာ (၅)ပုံး၊ Family Care လက်ဆေးဆပ်ပြာရည် (၂၀)ဘူးနှင့် ဘောပင်အချောင်း (၂၀၀)၊ စုစုပေါင်းတန်ဖိုး ကျပ် (၃၆)သိန်း (၅)သောင်းကျော်ကို လွှတ်တော်ကိုယ်စားလှယ်များက ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းတို့က လက်ခံရယူခဲ့ကြသည်။
ကျုံပျော် မြို့နယ်အတွင်းတွင် ဒီဇင်ဘာ ၁၂ ရက်အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၂၂၂ ဦးရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၄၈ ဦး ရှိပြီဖြစ်ကာ သေဆုံးသူ ၁ ဦးရှိခဲ့ကြောင်း သိရသည်။
နေဝင်းမြင့် (ပြန်/ဆက်)


