(၂-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက် ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ (၁-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၂-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၃) ဦး ရှိပါသည်။
၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂-၄-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှု အဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံ (သို့မဟုတ်) အိမ်တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံယူနေသူ (၆၂)ဦး၏ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၄) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၈) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၄။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case- 015) ၏ အနီးကပ်ထိတွေ့ဆက်စပ်သူ မိသားစုဝင် (၄) ဦးအား ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ရှိ ၎င်းတို့၏နေအိမ်တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုပြီး ဓာတ်ခွဲနမူနာရယူ၍ စစ်ဆေးခဲ့ရာ ၎င်း၏ ခင်ပွန်းဖြစ်သူ အသက် (၄၇) နှစ်၊ သားဖြစ်သူ အသက် (၁၀) နှစ်၊ သမီးဖြစ်သူ အသက် (၈) နှစ်နှင့် တူမဖြစ်သူ အသက် (၁၈) နှစ်၊ စုစုပေါင်း (၄)ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။ ၎င်းတို့အား သတ်မှတ်ဆေးရုံသို့ စနစ်တကျ လွှဲပြောင်း၍ သီးခြားထားရှိ ကုသမှုပေးသွားမည် ဖြစ်ပါသည်။
၅။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၉) ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် လူနာ (၉) ဦး နှင့် မန္တလေးမြို့၊ ကန်တော်နဒီ ဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ သတ်မှတ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနိုင်ရေး စီစဉ်လျက်ရှိသည့် လူနာသစ် (၄) ဦး၊ စုစုပေါင်း (၁၇) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအ ထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိဆေးကုသမှု ပေးလျက်ရှိပါသည်။ ယနေ့အတွက် ဓာတ်ခွဲစမ်းသပ်အဖြေ ထပ်မံထုတ်ပြန်ရန် မရှိပါ။
၆။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာသဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေးအချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။


