COVID-19 ကပ်ရောဂါကာကွယ်ဆေးဝယ်ယူရန် ကမ္ဘောဇဘဏ်လီမိတက်က ငွေကျပ် သန်း ၃၀၀၀(၃ ဘီလီယံ) လှူဒါန်း

နေပြည်တော်၊   ၉  ဇန်နဝါရီ

ကမ္ဘောဇဘဏ်က COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ(COVID-19 Vaccination Fund) သို့ COVID-19 ကပ်ရောဂါကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ်သန်း ၃၀၀၀ (ငွေကျပ် ၃ ဘီလီယံ)ကို ဇန်နဝါရီ  ၇  ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်အနေဖြင့် ယခု ကိုဗစ်-၁၉ ကာကွယ်ဆေးလှူဒါန်းမှုအပါအဝင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ မှစတင်ကာ ယနေ့အထိ ငွေကျပ် ၁၄ ဒသမ ၂ ဘီလီယံကျော် လှူဒါန်းထားပြီးဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ကမ္ဘောဇဘဏ်သည် နိုင်ငံတော်နှင့် ပြည်သူအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေးတွင် ယနေ့အချိန်အထိ ကျပ်ငွေ (၁၈၄)ဘီလီယံကျော် လှူဒါန်းထားကြောင်း သိရှိရပါသည်။

ကမ္ဘောဇဘဏ်အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် ဖြင့် အင်တိုက်အားတိုက် ပါဝင်လှူဒါန်းဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ COVID-19 ကပ်ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ်သန်း ၃၀၀၀ (၃ ဘီလီယံ) ကို နိုင်ငံတော်မှ သတ်မှတ်ထားသော COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစာရင်းအမှတ်သို့ ပေးသွင်းထည့်ဝင်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် လိုအပ်သည်များ ဆက်လက်ဆောင်ရွက် သွားရန် လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်