နေပြည်တော် ၂၆ ဖေဖော်ဝါရီ
Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၄/၂၀၂၀)ကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ခေတ်ကာလသည် လေကြောင်းခရီးသွားလာမှုများ တိုးတက်များပြားသည့်အတွက် အိမ်နီးချင်းနိုင်ငံများသာမက အလှမ်းဝေးကွာသည် နိုင်ငံများသို့ပင် နေ့ချင်းခရီးရောက်ရှိနိုင်သည့်အတွက် အလှမ်းဝေးနိုင်ငံများ၌ ရောဂါဖြစ်ပွားမှုပုံသဏ္ဍာန်သည် မိမိတို့ မြန်မာနိုင်ငံသို့လည်း ထင်ဟပ်လာနိုင်သည့်အတွက် ၎င်းနိုင်ငံများ၌ ဖြစ်ပွားသည့် ရောဖြစ်ပွားမှုအခြေအနေများအား အချိန်နှင့် တစ်ပြေးညီသုံးသပ်ရမည်ဖြစ်ပါကြောင်း၊ ရောဂါစတင်ဖြစ်ပွားရာပင်ရင်းဗဟိုနေရာ ဝူဟန်မြို့အပြင် အခြားရောဂါကူးစက်ပြန့်ပွားမှု ဆင့်ပွားဖြစ်ပွားမှုနေရာငယ်များလည်း အချိန်မရွေး ဖြစ်ပွားလာနိုင်သည့် အခြေအနေများကိုလည်း သုံးသပ်ပြီး မိမိတို့နိုင်ငံ၌ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါပိုးသည် ယခုအချိန်အထိ မျိုးရိုးဗီဇပြောင်းလဲခြင်း မရှိသေးသည်ကို တွေ့ရှိရသည်မှာ ကောင်းမွန်သော လက္ခဏာတစ်ရပ်ဖြစ်ပါကြောင်း၊ ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲအနေဖြင့် COVID-19 ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအပါအဝင် ရောဂါဖြစ်ပွားမှုများသော နိုင်ငံများ၏ သတင်းထုတ်ပြန်ချက်နှင့် ပြောကြားချက်များအား နေ့စဉ်နားထောင်ခြင်း၊ သုံးသပ်ခြင်း၊ ဆန်းစစ်ခြင်း တို့ကိုပြုလုပ်ခြင်း၊ အပတ်စဉ် ကပ်ရောဂါဗေဒရှုထောင့်မှ အခြေအနေများအား တင်ပြအစီရင်ခံသွားရမည်ဖြစ်ကြောင်း။
ဒေသတွင်းနိုင်ငံများတွင် COVID-19 ရောဂါရှိသူများအား အောင်မြင်စွာ ကုသခဲ့မှု ကုထုံးဆိုင်ရာ အတွေ့အကြုံများနှင့် အခက်အခဲ အချက်အလက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ချိတ်ဆက်၍ အမြန်ဆုံးသတင်းရယူသွားရန် အရေးကြီးပါကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံတွင် ဓာတ်ခွဲအတည်ပြု COVID-19 ရောဂါ လူနာများတွေ့ရှိပါက ၎င်းတို့အား ကုသရာ၌ များစွာအထောက်အကူပြု မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ အဓိကဆေးရုံများနှင့် နယ်စပ်ဒေသတွင်ရှိသော မြို့နယ် ဆေးရုံများတွင် လက်ရှိအချိန်၌ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား စာရင်းပုံစံဖြင့် ဆန်းစစ်ခြင်းကို ချက်ချင်းဆောင်ရွက်၍ တွေ့ရှိချက်များအား ဝန်ကြီးဌာနသို့ အမြန်ဆုံးသတင်းပို့ရန် လိုအပ်ပြီး၊ လိုအပ်ချက်များကို ချက်ချင်းဖြည့်ဆည်းမည် ဖြစ်ပါကြောင်း။
COVID-19 ရောဂါနှင့်ပတ်သက်၍ ယခုအချိန်အခါ၌ နယ်စပ်မြို့များမှ လူများဝင်၊ ထွက်ရာနေရာ များရှိ ဝန်ထမ်းများနှင့် ပြည်သူများ၏ ကျန်းမာရေး အသိပညာ မည်မျှရှိနေသည်ကို ဆန်းစစ်ခြင်းဖြင့် မိမိတို့၏ ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုလုပ်ငန်းများ ထိရောက်မှုအတိုင်းအတာကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ တွေ့ရှိချက်ပေါ်မူတည်၍ လိုအပ်လျှင်လိုအပ်သလို မဟာဗျူဟာ၊ နည်းဗျူဟာများကို ပြောင်းလဲ၍ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
လတ်လောရောဂါဖြစ်ပွားမှုများပြားနေသော ကိုရီးယာသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် စင်ကာပူ နိုင်ငံများမှဝင်ရောက်သော ခရီးသည်များအား အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ ယခုထက်ပိုမို၍ ဂရုစိုက်စစ်ဆေးရန်လိုအပ်သည့်အပြင် ၎င်းတို့တည်းခိုမည့် ဟိုတယ်နှင့် တည်းခိုခန်းများသို့ ချက်ချင်းအကြောင်းကြားသည့် ကိစ္စသည် ယခုအချိန်အခါ၌ အထူးအရေးကြီးပါကြောင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ တာဝန်ထမ်းဆောင်လျက်ရှိသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနများနှင့် မိမိတို့ လေဆိပ်ကျန်းမာရေးဌာနများတို့သည် အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် အပတ်စဉ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီး လိုအပ်လျှင် လိုအပ်သလို ပိုမိုတိကျစနစ်ကျစွာဖြင့် ချိန်ကိုက်ညီပူးပေါင်းဆောင်ရွက်ခြင်းကို လုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသားများ လာရောက်နေထိုင်မှုများပြားသည့် ရပ်ကွက်များ၌လည်း ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို ယခုထက်ပိုမို၍ စနစ်တကျ ဆောင်ရွက်စေလိုကြောင်းနှင့် အသိပညာပေးဟောပြောမှုများကို ဆက်လက်၍ ဆောင်ရွက်စေလိုပါကြောင်း၊ COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ရာတွင် အစိုးရိမ်လွန်ကဲခြင်းနှင့် လုံးဝအလေးဂရုမပြုခြင်းတို့ ကြားတွင် မျှတမှုရှိသော ကျန်းမာရေး အသိပေးမှုများကို ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အများပြည်သူများအသုံးပြုသည့် YBS ဘတ်စ်ကားများ၊ အဝေးပြေး express ကားများနှင့် သင်္ဘောများတွင် လက်ဆေးခြင်း၊ ချောင်းဆိုးခြင်းနှင့်ပတ်သက်သည့် (၂) မိနစ်ခန့်ကြာမည့် ကျန်းမာရေးအသိပေး နှိုးဆော်ချက်များကို ဖြစ်နိုင်ပါက လက်ကိုင်အသံချဲ့စက်ငယ်များ အသုံးပြု၍ ဆောင်ရွက်သွားနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်း၊ ဌာနများကို အကြောင်းကြားရမည်ဖြစ်ပါကြောင်း။
အပျော်စီးသင်္ဘောများ ပြည်တွင်းသို့ဝင်ရောက်မှုအား တတ်နိုင်သမျှမလာစေချင်ပါကြောင်းနှင့် မတ် ၄ ရက်တွင် ဝင်ရောက်မည့် သင်္ဘောပါခရီးသည်များ၏ လွန်ခဲ့သော (၁၄) ရက်အတွင်း ခရီးသွားလာမှုရာဇဝင်နှင့် မြန်မာနိုင်ငံအတွင်း သွားရောက်မည့်ခရီးစဉ်၊ အသုံးပြုမည့်ယာဉ်၊ တည်းခိုမည့် ဟိုတယ်များအပါအဝင် အသေးစိတ်အချက်အလက်များ အတိအကျတောင်းခံ၍ ရောဂါစောင့်ကြပ်ကြည့်ရှုသွားရန် လိုအပ်ကြောင်း၊ ဤကိစ္စရပ်ကို အထူးတင်းကြပ်စွာ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ Free visa ပေးထားသည့် နိုင်ငံများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ပြီး သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံခြားခရီးသည်များ တည်းခိုနေထိုင်မည့်ဟိုတယ်များတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့် ညွှန်ကြားစာများ ရရှိခြင်း ရှိ၊ မရှိကို အမြန်ဆုံး ဆန်းစစ်၍ လိုအပ်သလို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ဤရောဂါနှင့်ပတ်သက်သည့် လှူဒါန်းရရှိထားသည့် ဆေးနှင့် ဆေးပစ္စည်းများကို လိုအပ်သော ဆေးရုံများ၏ လက်ကျန်စာရင်းအားစိစစ်၍ အမြန်ဆုံး ဖြန့်ဝေပို့ဆောင်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထပ်မံရရှိမည့် တစ်ကိုယ်ရေသုံးရောဂါကာကွယ် ရေးဝတ်စုံများသည် မိမိတို့ ဝန်ထမ်းများ သံသယလူနာများထံမှ ဓာတ်ခွဲနမူနာများ ရယူခြင်းနှင့် ကုသမှုပေးခြင်းများ၌ အသုံးပြုရန်လိုအပ်သဖြင့် လုံးဝပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်အတွက် COVID-19 ရောဂါအား ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် လာရောက်ပြသပါက မဖြစ်မနေသတင်း ပေးပို့တိုင်ကြားရမည့် ရောဂါအဖြစ်သတ်မှတ်၍ အမိန့်စာထုတ်ပြန်မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထူးသဖြင့်နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ပါက ပိုမိုထိရောက်နိုင်မည်ဖြစ်ပါကြောင်း၊ လိုအပ်ပါက COVID-19 ရောဂါ သံသယနှင့် စောင့်ကြည့်လူနာ အဓိပ္ပာယ်သတ်မှတ်ချက်တွင် ဖြစ်ပွားပျံ့နှံ့မှုများလျက်ရှိသည့် နိုင်ငံများ၌ အသုံးပြုသည့် ပုံစံကိုသုံးသပ်ပြီး သင့်လျော်ပါက မိမိတို့နိုင်ငံ၌လည်း ပြင်ဆင်သတ်မှတ်သွားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကြော်ငြာချက်ကဒ်တွင် ရောဂါဖြစ်ပွားသည့်နိုင်ငံများအား ထပ်တိုးထည့်သွင်း သတ်မှတ်သွားခြင်းနှင့် လေယာဉ်မထွက်ခွာမီ ကျန်းမာရေးအသိပေးနှိုးဆော်ချက်ကို ပိုမိုရိုးရှင်းစေရန်အတွက် ပြန်လည်မွမ်းမံထားသည်ကို တွေ့ရှိရသည်မှာ ကောင်းမွန်ပါကြောင်း၊ ဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအားလုံးအနေဖြင့် မိမိတို့တွင်ရှိသော လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာငွေ၊ စက်ပစ္စည်းကိရိယာများဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှုများကို လုံးဝအရှိန်မလျှော့ဘဲ ဆက်လက်ဆောင်ရွက်ကြစေလိုပါကြောင်း မှာကြားသည်။
အစည်းအဝေးတွင်- တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပြည်နယ်အလိုက်ရောဂါ ဖြစ်ပွားမှုနှင့် အခြေအနေများ၊ ရောဂါဖြစ်ပွားမှု မြင့်တက်လာသည့်နိုင်ငံများ၊ လေကြောင်း ဆက်သွယ်မှုအခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ဆေးရုံ/ ဆေးခန်းများမှ ထူးခြားဖြစ်စဉ်များ၏ အခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းတွင် COVID-19 ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးသည့် အခြေအနေများနှင့် လက်ရှိနေ့စဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ထပ်မံလိုအပ်နိုင်သည့် ဆေးနှင့်ဆေးပစ္စည်း အလျင်အမြန် ဖြည့်တင်းပေးနိုင်ရေးအတွက် ပြင်ဆင်ထားရှိသည့် အခြေအနေများ၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပဉ္စမအကြိမ်မြောက် ဝန်ကြီးဌာန များပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေး ကော်မတီအစည်းအဝေး ကျင်းပခဲ့မှုအခြေအနေများ၊ Cabin announcement တွင် မြန်မာ၊ အင်္ဂလိပ် (၂) ဘာသာဖြင့် အချိန်တိုအတွင်း ပြောကြားနိုင်စေရန် မွမ်းမံပြင်ဆင် ဆောင်ရွက်လျက်ရှိမှု၊ ရောဂါဖြစ်ပွားမှုမြင့်မားသည့်နိုင်ငံများမှ ပြန်လာသော ကျောင်းသားများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်ရောက်ရန်တောင်းဆိုထားသော မြန်မာနိုင်ငံသားများအတွက် လိုအပ်သည့်ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် စစ်ဆေးမှုများဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိရေးတင်ပြခြင်း၊ အပြည်ပြည်ဆိုင်ရာ သင်္ဘောကုမ္ပဏီများ လိုက်နာဆောင်ရွက် ရမည့်လုပ်ငန်းလမ်းစဉ်များနှင့် အပြည်ပြည်ဆိုင်ရာဝင်ပေါက်၊ ထွက်ပေါက်များဖြစ်သော လေဆိပ်နှင့် ဆိပ်ကမ်းများတွင် Pneumonia Surveillance ဆောင်ရွက်မှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်း၊ ဝန်ကြီးဌာနမှထုတ်ပြန်သော သတင်းများအား မီဒီယာများမှ အလေးထားရယူ၍ သတင်းများ ထုတ်ပြန်ရန် ညှိနှိုင်းခြင်းအတွက် Media Advocacy ဆောင်ရွက်ရန်ကိစ္စ၊ လူအများအား အသိပညာပေးရာတွင် ထိရောက်စေရန်အတွက် လက်ကိုင်အသံချဲ့ စက်များဖြင့် အသုံးပြုနိုင်မည့် စက္ကန့် (၈၀) ခန့်ကြာမြင့်သည့် အသံဖိုင်အား ပြုလုပ်ထားရှိမှု စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်/ဖြန့်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီး၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်)၊ ညွှန်ကြားရေးမှူး (ကုသရေး)နှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ ehealth စသည့် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့သည်။
သတင်းစဉ်


