စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော် ပုရဝဏ်အတွင်းရှိ စေတီတော် (၁၂၆)ဆူတွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ မကိုဋ်(၃)ဆင့် ရွှေထီးတော်များ တင်လှူပူဇော်ပွဲကျင်းပ

ရန်ကုန် ၂၄ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော် ပုရဝဏ်အတွင်းရှိ စေတီတော် (၁၂၆) ဆူအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ မကိုဋ် (၃) ဆင့် ရွှေထီးတော်များ ဆပ်ကပ်တင်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်ပရဝဏ်အတွင်း ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ(ဇေကမ္ဘာမိသားစု)၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို အလှူတော်မင်္ဂလာမဏ္ဍပ်တွင် ကျင်းပရာ နိုင်ငံတော် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင် တိုက်၊ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈယ်တော်မူကြသည်။

ထို့နောက် ပွင့်ဖြူမြို့ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ သြဝါဒါစရိယ အကျိုးတော်ဆောင်ချုပ် ဘဒ္ဒန္တဓမ္မာစာရနှင့် ဒုတိယ ကျိုက်ထီးဆောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပတို့က သြဝါဒကထာ မြွက်ကြားသည်။ ယင်းနောက် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်ပရဝဏ်အတွင်းရှိ စေတီ(၁၂၆)ဆူတွင် ထီးတော်တင်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ မကိုဋ်(၃)ဆင့် ရွှေထီးတော်များကို ဆရာတော် သံဃာတော်များထံ ဆက်ကပ်ပြီး လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုတို့က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အလှူရှင် ဒေါက်တာ ခင်ရွှေက လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။

ဆက်လက်၍ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ သြဝါဒါစရိယ အကျိုးတော်ဆောင်ချုပ် ဘဒ္ဒန္တဓမ္မာစာရထံမှ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ အလှူရှင်များနှင့် တက်ရောက်လာသူများက လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက အလှူမင်္ဂလာမဏ္ဍပ်မှ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်ရင်ပြင်တော်ပေါ်သို့ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ မကိုဋ်(၃)ဆင့် ရွှေထီးတော်များကို ပင့်ဆောင်လာပြီး အရန်စေတီများတွင် ဆက်ကပ်တင်လှူ ပူဇော်ကြသည်။

ယနေ့ တင်လှူပူဇော်သည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ မကိုဋ်(၃)ဆင့် ရွှေထီးတော်များအား စန္ဒကူးနံ့သာကျောင်းတော်ရာ ပုရဝဏ်အတွင်းရှိ အလောင်း စည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သော စေတီတော်များဖြစ်သည့် မဟာပုဏ္ဏရဟန္တာ အရှင်မြတ်ကြီး၏ မူလကျောင်းတော်ရာစေတီ၊ အရှင်မဟာပုဏ္ဏ၏ အဓိဌာန်စေတီ(၄)ဆူ ဖြစ်သော ရာဟုထောင့်တိုင်စေတီ၊ အင်္ဂါထောင့်တိုင်စေတီ၊ စနေထောင့်တိုင်စေတီ၊ တနင်္ဂနွေထောင့်တိုင်စေတီ၊ ရဟန္တာအရှင်မဟာပုဏ္ဏ၏ ဓာတ်တော်စေတီ၊ သိမ်ဦးစေတီ၊ ဖောင်တော်ဦးစေတီ၊ ကြက်ဆူးစေတီ၊ ဖောင်တော်ဦးအရံစေတီ(၂)ဆူ၊ သီရိဓမ္မာ သောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော စေတီနှင့် တဝဂူဘုရား၊ သိုက်နန်းဘုရား၊ ဓမ္မပလ္လင်ဘုရား၊ ရှစ်မျက်နှာဘုရား၊ အရံစေတီ(၁၀၈)ဆူ အပါအဝင် စုစုပေါင်းစေတီ (၁၂၆)ဆူတို့တွင် ဆက်ကပ်တင်လှူခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များ တင်လှူပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် အလှူရှင်မိသားစုနှင့် သာသနာ့ဒါယကာများ စုပေါင်းရဟန်းခံခြင်း၊ ရှင်သာမဏေ ၅၀၀၀ တို့အား သာသနာ့ဘောင်သို့ သွတ်သွင်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ခြင်း အခမ်းအနားတို့ကို ယမန်နေ့က ကျင်းပသည်။

အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့သည် အလှူရှင် မိသားစုနှင့် သာသနာ့ ဒါယကာ ၁၅ ဦးတို့ သရဏဂုံဆောက်တည်ခြင်း၊ ဆံချခြင်းနှင့် သင်္ကန်းတောင်းခြင်း အစီအစဉ်တို့ကို တက်ရောက်ကြည်ညိုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော် ရင်ပြင်တော်ရှိ ရဟန္တာသိမ်တော်၌ ဥပသမ္ပဒါဉတ္တိကမ္မဝါစာဖြင့် သိမ်ဝင်ကြသည့် အလှူရှင် မိသားစု၊ သာသနာ့ဒါယကာ ရဟန်း ၁၅ ပါးနှင့် ဥပဇ္ဈာယ် ဆရာတော်တို့အား သိမ်ဆင်းလောင်းလှူပူဇော်ခဲ့ပြီး မွန်းလွဲ ၃ နာရီတွင် ပင့်သံဃာတော်များ၊ ရဟန်းခံသံဃာ ၁၅ ပါးနှင့် ရှင်အပါး ၅၀၀၀ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ကြသည်။

သတင်းစဉ်