စလင်းမြို့နယ် ကြက်သကိုင်ကျေးရွာ ကုန်ထုတ်လမ်းနှင့် တံတားနှစ်စင်း တည်ဆောက်မှု ၅၀ ရာခိုင်နှုန်း ပြီးစီး

စလင်း ၂၇ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖောက်လုပ်ပေးသော ကြက်သကိုင်ကျေးရွာ ကုန်ထုတ်လမ်းနှင့် ယင်းကုန်ထုတ် လမ်းပေါ်ရှိ တံတားနှစ်စင်းကို ယခုနှစ် နိုဝင်ဘာလက စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

အဆိုပါကုန်ထုတ်လမ်းနှင့် တံတားနှစ်စင်းမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ကြက်သကိုင်ကျေးရွာတွင် တင်ဒါအောင်မြင်သော Home Sweet Home ကုမ္ပဏီက မူလခွင့်ပြရန်ပုံငွေ ကျပ် ၁၉ ဒသမ ၆၂၄ သန်းဖြင့် အရှည်ပေ ၃၉၆၀၊ အကျယ် ၁၂ပေ၊ ထု ၉ လက်မ မြေနီ ကျောက်စရစ်ခင်းခြင်း၊ အလျား ၁၄ ပေ၊ အနံ ၉ ပေ၊ အမြင့် ၆ ပေတံတားတစ်ခု၊ အလျား ၁၈ ပေ၊ အနံ ၅ ပေ၊ အမြင့် ၆ ပေရှိသော တံတားတစ်ခု တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဆောင်ရွက်ပြီးစီးပါက လယ်ယာဧက ၈၀ဝ မှ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီ ရောက်ရှိမည်ဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျက ပြောပြသည်။

 

8975025

 

အဆိုပါ ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်နေမှုကို ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးအောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကြီး၊ မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသသည်။

 

ထိုသို့စစ်ဆေးရာတွင် လမ်းအချောသတ်ခြင်းနှင့် ရေဖျန်းစက်ကြိတ်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ၅၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားကြရန်၊ သတ်မှတ်အချိန် ကာလတွင် ပြီးစီးရေး ဆောင်ရွက်ကြရန် တိုင်းဦးစီးမှူး ဦးမျိုးအောင်က ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

ငြိမ်းသူ(စလင်း)