နေပြည်တော် အောက်တိုဘာ ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ပထမနှစ် ဒီပလိုမာသင်တန်းများကို နိုင်ဝင်ဘာ ၂၃ ရက်တွင် နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများ၌ တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဒီပလိုပထမနှစ် သင်တန်းသားများ ရွေးချယ်ခြင်း အစည်းအဝေးမှ သိရသည်။
ထိုသို့ ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဒီပလိုမာပထမနှစ် သင်တန်းသားများ ရွေးချယ်ခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဇော်နှင့် ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း (၁၄)ကျောင်းမှ ကျောင်းအုပ်ကြီးများ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေး ဒီပလိုမာတတိယနှစ် အငယ်တန်း၊ မွေးမြူရေး ဒီပလိုမာ တတိယနှစ် သင်တန်းများ၏ စာမေးပွဲ အောင်/ရှုံး ဆုံးဖြတ်အတည်ပြုခြင်းကိုလည်း ဆောင်ရွက်ကြကြောင်း သိရှိရသည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများ တည်ရှိရာဒေသကို စိုက်ပျိုးရေးကဏ္ဍ၏ စံနမူနာပြဒေသများအဖြစ် ဖော်ဆောင်နိုင်ရေး ကြိုးပမ်းသွားရေးကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


