စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး စုစုပေါင်း (၄၁၉၆) မျိုးကို တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးဖြစ်  

နေပြည်တော်၊ မေ၂၈

 

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ၏ (၄၂)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ  ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် အဖွဲ့ဝင်များတက်ရောက်ကြပြီး ပိုးသတ်ဆေး ပေါင်းသတ်ဆေး မှိုသတ်ဆေးများနှင့်ပတ်သက်၍ သုတေသနနှင့် လူ့စွမ်းအား မြှင့်တင်ရေး လိုအပ်ချက်များ၊ ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များမှ စိစစ်တင်ပြလာသော ပိုးသတ်ဆေး အမျိုးပေါင်း (၁၄၉)မျိုးအား အတည်ပြုပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့အနေဖြင့် ပိုးသတ်ဆေး နည်းပညာကော်မတီက ပြုစုတင်ပြလာသည့် သတင်း အချက်အလက်များ စိစစ်သုံးသပ်အကြံပြုချက်ခြင်းများကို အခြေခံ၍ ပိုးသတ်ဆေးမှတ်ပုံတင်ခွင့် ပြုပေးနိုင်ရန် ဆုံးဖြတ်အတည်ပြုပေးခြင်း၊ အဆိပ်ရှိပစ္စည်းနှင့်စပ်လျဉ်း၍ တင်ပြရန်လိုအပ်သော အထောက်အထားအချက် အလက်များကို သတ်မှတ်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ အကြံပြုချက်များအပေါ် အခြေပြု၍ လူနှင့်ပတ် ဝန်းကျင်ကို အန္တရာယ်မြင့်မားစေသော ပိုးသတ်ဆေးများကိုသုံးစွဲရန် ပိတ်ပင်တားဆီးခြင်း၊  ပိုးသတ်ဆေးများ ကို စနစ်တကျ ကိုင်တွယ်သုံးစွဲ စွန့်ပစ်ခြင်းဆိုင်ရာများနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မရှိ စေရန်လိုအပ်သည့် အမိန့်၊ သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များကို အခါအားလျော်စွာ ထုတ်ပြန်လျက်ရှိပြီး ပိုးသတ် မှိုင်းတိုက်ခွင့်လိုင်စင်၊ ပိုးသတ်ဆေး ဖော်စပ် ရောင်းချခွင့် လိုင်စင်နှင့် ပိုးသတ်ဆေး ပြန်လည် ထုပ်ပိုးခွင့် လိုင်စင် လျှောက်ထားလာမှုများကို  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပိုးသတ်ဆေး ဥပဒေနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိသည်။

 

စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ အရည်အသွေးပြည်မီစွာဖြင့် အသုံးပြုနိုင်ရေးနှင့် အတုအပများ ကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး အတွက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိရာ (၄၁)ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းအဝေးပြီးဆုံးသည့် ကာလအထိ ပိုးသတ်ဆေး စုစုပေါင်း (၄၁၉၆)မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)