မန္တလေး ၂၁ ဩဂုတ်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန္တလေးတိုင်းဒေသကြီးဘဏ်ခွဲတွင် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA)၏ အကူအညီဖြင့် တောင်သူများအတွက် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူနိုင်ရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေထုတ်ချေးခြင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ပြီး ချေးငွေများထုတ်ချေးခဲ့ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၂) မြို့နယ်တွင် ဩဂုတ်လ တတိယအပတ်ထိ တောင်သူ (၄၅၉)ဦးအတွက် လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူနိုင်ရန် ချေးငွေကျပ်( ၁၅၅၄၈ ဒသမ ၂၄၄) သန်း ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန္တလေးတိုင်းဒေသကြီးဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
(JICA) Two Step Loan ချေးငွေမှာ ဂျပန်နိုင်ငံအစိုးရက မြန်မာနိုင်ငံအစိုးရကို တစ်ဆင့်ထုတ်ချေးပြီးနောက် မြန်မာအစိုးရက တောင်သူများကို ထုတ်ချေးနိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အား ထုတ်ချေးပေးရာ နှစ်ဆင့် ချေးငွေအမျိုးအစားဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာဝယ်ယူလိုသည့် တောင်သူများအတွက် စက်ပစ္စည်းအမျိုးအစားအလိုက် နှစ်တိုချေးငွေသုံးနှစ်၊နှစ်ရှည်ချေးငွေ(၅)နှစ် ၊ တစ်နှစ်လျှင် ရှစ်ရာခိုင်နှုန်းဖြင့် ထုတ်ချေးကာ တစ်နှစ်တစ်ခါ အရစ်ကျဆပ်ရသည့် စနစ်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (JICA) Two Step Loan အစီအစဉ်မှာ မြန်မာအစိုးရနှင့် ဂျပန်အစိုးရတို့ ချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ပေါ်ထွက်လာခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ကတည်းက (JICA)က Servay များ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံသဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ကြောင်း၊ စီမံချက်ကို ၂၀၁၇ ခုနှစ် ဇူလိုင် ၂၃ ရက် မှ စတင်ပြီး Pilot Project ဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် စတင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအစိုးရမှ နှစ်ပေါင်း(၄၀)အထိ သုံးစွဲရမည့်ချေးငွေဖြစ်ကာ လက်ရှိတွင် (JICA) ချေးငွေ မြန်မာကျပ်ငွေ ဘီလီယံ(၂၀ဝ)တွင် (၉၈) ဘီလီယံကျော် ထုတ်ချေးထားကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် မြို့နယ်ဘဏ်ခွဲပေါင်း (၂၃)ခု မှ ဩဂုတ်တတိယအပတ်အထိ တောင်သူ(၄၅၉)ဦးအတွက် ချေးငွေ ကျပ်သန်း တစ်သောင်းငါးထောင်ငါးရာလေးဆယ်ကျော် ထုတ်ချေးပေးပြီး ဖြစ်ကြောင်း ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန္တလေးတိုင်းဒေသကြီးဘဏ်ခွဲမှသိရသည်။
(JICA) Two Step Loan သည်တောင်သူတွေ တစ်နှစ်တစ်ခါ အရစ်ကျဆပ်ရသည့်စနစ်ဖြင့် ဖြစ်ပြီး ပြန်ဆပ်ငွေနှင့် တောင်သူအသစ်များကို ပြန်လည်ထုတ်ချေးပေးနိုင်မည်ဖြစ်ကာ တစ်နှစ်လျှင်ပျှမ်းမျှ တောင်သူ ငါးထောင်ကျော် ထုတ်ချေးပေးသွားပါက နှစ်ပေါင်း(၄၀) အတွင်း တောင်သူငါးသောင်းကျော် ထုတ်ချေးပေးနိုင် မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုနိုင်မည့် ချေးငွေဖြစ်သည်။
(JICA) Two Step Loan ချေးငွေကို တောင်သူများ လိုအပ်ချက်ရှိတိုင်း နှစ်ပေါင်း(၄၀) အထိ (၅)နှစ် (၅)ရစ်ဖြင့် ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေးကာ ထုတ်ချေးပေးသွားမည်ဖြစ်ရာ ချေးငွေလိုအပ်သည့် တောင်သူများအနေဖြင့် မိမိတို့သက်ဆိုင်ရာ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများတွင် ဆက်သွယ်စုံစမ်းကာ အဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


