နေပြည်တော် ၂၄ စက်တင်ဘာ
ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး (၂/၂၀၁၉) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက လုပ်ငန်းကော်မတီအနေဖြင့် လက်တွေ့ထုတ်လုပ်မှု ကုန်ကျစရိတ်များကို အခြေခံ၍ မိုးစပါးနွေစပါး အခြေခံဈေးနှုန်း မည်သို့ဖြစ်သင့်သည်ကို တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့သို့ ထောက်ခံအကြံပြု တင်ပြရမည်ဖြစ်ပါကြောင်း၊ ဈေးနှုန်းဆိုသည်မှာ ကုန်စည်တစ်ခု၏ ဝယ်လိုအားနှင့် ရောင်းလိုအားကို အခြေခံသတ်မှတ်ရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ သတ်မှတ်ရခြင်းသည် ဈေးကွက်၏ နိယာမပင်ဖြစ်ပါကြောင်း၊ ဈေးကွက်နိယာမတစ်ခုကို ကျော်လွန်လုပ်ဆောင်ပါက ဈေးကွက်ပုံမမှန်မှုများ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ အခြားသောကဏ္ဍများကို လည်းကူးစက်ပျံ့နှံ့နိုင်သည့် သဘောလည်းရှိပါကြောင်း၊ တောင်သူလယ်သမားများ အကျိုးစီးပွားကာကွယ်ရေးဥပဒေအရ တောင်သူလယ်သမားများ ခေါင်းပုံဖြတ်မခံရရေးအတွက် သင့်တင်မျှတသည့်ဈေးနှုန်းနှင့် ဈေးကွက်ရရှိရေးကို နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။
တောင်သူလယ်သမားအတွက်လည်း အကျိုးရှိ ကုန်သည်လုပ်ငန်းရှင်များ အတွက်လည်း အကျိုးရှိသည့် ဈေးနှုန်းတစ်ခုကို ညှိနှိုင်းသတ်မှတ်ရန်ဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးမှ သမာသမတ်ကျသည့် ထုတ်လုပ်မှုကုန်ကျစရိတ်အမှန်ကို အခြေခံသည့် တောင်သူလည်းအကျိုးရှိ၊ ကုန်သည်လုပ်ငန်းရှင်အတွက်လည်း အကျိုးရှိမည့် ဈေးနှုန်းတစ်ခုကို ရွေးချယ်ဆုံးဖြတ်ပေးကြရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီသည် သတ်မှတ်သင့်သည့် ဆန်စပါးအခြေခံဈေးနှုန်း၊ ဆန်စပါးဝယ်ယူမည့် စံသတ်မှတ်ချက်များကို အကြံပြုတင်ပြရမည်ဖြစ်ပါကြောင်း၊ အခြေခံဈေးနှုန်းထုတ်ပြန်ခြင်းကို တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ပြုလုပ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် အားလုံးလက်ခံနိုင်သည့် နွေးစပါး၊ မိုးစပါး ဈေးနှုန်းများကို တူညီဆန္ဒဖြင့် သတ်မှတ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အားလုံးဝိုင်းဝန်း ဆွေးနွေးပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေးနှင့် အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီဝင် ဦးအောင်မျိုးတို့က တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ဆိုင်ရာများ၊ စိုက်ပျိုးရေးကဏ္ဍ ပိုမိုပီပြင်ရေးဆိုင်ရာများနှင့် ဆန်စပါးအခြေခံဈေးနှုန်း သတ်မှတ်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးကြသည်။
ယင်းနောက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တောင်သူလယ်သမားကိုယ်စားလှယ် ဦးပေါက်ကျော်တို့က ဆန်စပါး ဈေးကွက်တည်ငြိမ်ရေး၊ သီးနှံပေါ်ချိန်ကာလအတွင်း ဆန်စပါးဈေးနှုန်းမကျဆင်းနိုင်ရေး၊ ထုတ်လုပ်မှုကုန်ကျစရိတ်များအပေါ် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိရေးနှင့် ထိုက်သင့်သည့်ဈေးနှုန်းသတ်မှတ်ရေး၊ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံဈေးနှုန်း သတ်မှတ်နိုင်ရေးတို့ကို အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီး ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းက အစည်းအဝေးသို့တင်ပြသည့် အမှာစာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဦးအောင်ထူးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြု တင်ပြရေးလုပ်ငန်းကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


