ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တစ်နေ့ရေလီတာ  ၂၇၀ဝ၀ ပေးဝေနိုင်သည့် ရေသန့်စက်ရုံ ဖွင့်လှစ်          


ဆိပ်ကြီးခနောင်တို ၁၉ ဒီဇင်ဘာ 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများ သန့်ရှင်းသည့် သောက်ရေလုံလောက်စွာ သုံးစွဲနိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အလှူရှင် Authentic Co.,Ltd မှ လှူဒါန်းသည့် တစ်နေ့ရေလီတာ (၂၇၀ဝ၀) ပေးဝေနိုင်သည့် ရေသန့်စက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအရှေ့ရပ်ကွက် မြို့နယ်ပြည်သူ့ဆေးရုံရှေ့ရှိ အဆိုပါရေသန့် စက်ရုံရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ အလှူရှင် Authentic Co.,Ltd မှ တာဝန်ရှိသူများ၊ ဆိပ်ကြီးခနောင်တို့မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် မြို့နယ်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဉက္ကဌ မြို့တော်ဝန် ဦးမောင်မောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး၊ အလှူရှင် Authentic Co.,Ltdမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မျိုးဟိန်းက သောက်ရေသန့်စက်ရုံ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဆိပ်ကြီးခနောင်တိုမြို့နယ် စည်ပင်သာယာရေးကော်မတီ ဉက္ကဌ ဉီးဇော်ဝင်းက ရေသန့်စက်ရုံ လှူဒါန်းပေးမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး၊ အလှူရှင် Authentic Co.,Ltdမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မျိုးဟိန်းက အဆိုပါရေသန့်စက်ရုံအား ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခအဖွဲ့မှ လက်ထောက်ဌာနမှူး ဒေါ်သင်းသင်းစိုးထံ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးမှ အလှူရှင် Authentic Co.,Ltdမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မျိုးဟိန်းအား လှူဒါန်းမှုအတွက် ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး၊ ရန်ကုန် မြို့တော်ဝန်၊ အလှူရှင်နှင့် ကော်မတီဝင်(၉)တို့မှ ရေသန့်စက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဉက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက ရေသန့်စက်ရုံ ကမ္ဗည်းစာအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြပြီး၊ ရေသန့် စက်ရုံအတွင်းလှည့်လည် ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
 
အဆိုပါရေသန့်စက်ရုံကို တန်ဖိုးငွေကျပ် (၇၈၅) သိန်း အကုန်အကျခံကာ မြို့နယ်ပြည်သူ့ဆေးရုံရှေ့ ဗဟိုလမ်းကြီးဘေးတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ရာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ပြီးစီးခဲ့ပြီး၊ ရေသုံးစွဲသူ ပြည်သူများအား သောက်ရေသန့် တစ်နေ့ ရေလီတာ (၂၇၀ဝ၀) ပေးဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
                                 
ဝေယံ(ဆိပ်ကြီးခနောင်တို)