ဆေးတက္ကသိုလ်များတွင် မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားလေ့ကျင်နိုင်ရေး ဆောင်ရွက်ပြီးစီးမှု ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်

နေပြည်တော်  ၆  စက်တင်ဘာ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်၌ ကျင်းပသည့် (၂၀၂၀) ခုနှစ် တွင် ဆေးတက္ကသိုလ်များ၌ အသစ်စတင်တက်ရောက်မည့်သင်တန်းသား၊ သင်တန်းသူများအား မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းဖြင့် စတင်သင်ကြား လေ့ကျင့်နိုင်ရေးအတွက် ဆောင်ရွက်ပြီးစီးမှုအခြေအနေရှင်းလင်း ဆွေးနွေးပွဲသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားရာတွင် အရည်အသွေးမြင့်မားသော၊ ကျင့်ဝတ်စည်းကမ်းများလိုက်နာကျင့်သုံးသော၊ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုပြည့်ဝသော ဆေးပညာရှင်များမွေးထုတ်ပေးနိုင်ရန် ပြောင်းလဲလာသော အခြေအနေများနှင့် ကိုက်ညီမှုရှိသည့် သင်ရိုးညွှန်းတမ်းသည် လွန်စွာ အရေးကြီးပါကြောင်း၊ မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသင်ယူမှုဆောင်ရွက်ခြင်းသည် အခြေခံမှစ၍ အလွန်သိသာ ထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဆေးပညာ လောကအတွက် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်လာမည်ဖြစ်ပါကြောင်း၊ မျှော်မှန်းရလဒ် အခြေခံသော စုစည်း ချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းအသုံးပြု သင်ကြားသင်ယူမှုစတင်သည်နှင့် တစ်ပြိုင်နက် အကောင်အထည်ဖော်ရေးအဖွဲ့နှင့် စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့တို့ကိုဖွဲ့စည်း၍ သက်ဆိုင်ရာဘာသာရပ်အလိုက် ပညာရှင်များ၏ အကြံပြုချက်များကိုရယူကာပိုမိုကောင်းမွန် ပြည့်စုံအောင် ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း။

သင်ကြားသင်ယူမှုများဆောင်ရွက်ရာတွင် အသိပညာ၊ လက်တွေ့တတ်ကျွမ်းမှုသာမက ဆေးပညာကျင့်ဝတ်များခိုင်မြဲစွာ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးကိုပါ အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်ကြားသင်ယူမှုများတွင် အခြေခံအဆောက်အဦ ပြည့်စုံကောင်းမွန်မှုသည် အရေးကြီးသဖြင့် လိုအပ်သည်များကို အထူးဦးစားပေးအစီအစဉ်ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ဆေးတက္ကသိုလ် အသီးသီးမှ ဆေးပညာ သင်ကြားရေးယူနစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုံး သင်ကြားသင်ယူမှုယူနစ်များ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးတို့ ကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းကို ဆန်းစစ်သုံးသပ်ခဲ့ပြီး ထိုသင်ရိုးညွှန်းတမ်းဖြင့် သင်ကြား သင်ယူခြင်းမှတစ်ဆင့် အရည်အသွေး ပြည့်ဝ၍ ကျင့်ဝတ်စည်းကမ်းများလိုက်နာကျင့်သုံးသော ဆေးပညာရှင်များကို မွေးထုတ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် မျှော်မှန်းရလဒ် အခြေခံသောစုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုး ညွှန်းတမ်းပေါ်ပေါက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌပါမောက္ခဒေါက်တာအေးမောင်ဟန်က မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီစေရန်သင်ရိုးညွှန်းတမ်းအား ပြင်ဆင်ရေးဆွဲထားရှိမှုနှင့် ဆေးတက္ကသိုလ် သင်တန်းပညာသင်နှစ် အတန်းအလိုက် စုစည်းချိတ်ဆက် သင်ကြားမည့် ဘာသာရပ်နှင့် သင်ကြားသင်ယူမှုပုံစံများကိုရှင်းလင်းတင်ပြသည်။

ယင်းနောက် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ပါမောက္ခဒေါက်တာခင်မာမြင့်၊ ဆေး တက္ကသိုလ်(၂)ရန်ကုန်မှ ပါမောက္ခဒေါက်တာအေးသီတာ၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာအေးထွန်း၊ ဆေးတက္ကသိုလ် မန္တလေးမှ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာခင်မောင်လွင်နှင့် ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုး တို့က မျှော်မှန်းရလဒ် အခြေခံသောစုစည်း ချိတ်ဆက် သင်ကြားရေးအတွက် ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြသည်။  

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိ ကွန်ပျူတာပုံရိပ်ဖော် ဓာတ်မှန်စက်များဖြင့် ရောဂါရှာဖွေစမ်းသပ်မှုများဆောင်ရွက်နေမှု၊ ကွန်ပျူတာပုံရိပ် ဖော်ဓာတ်မှန်စက်နှင့် ဆက်စပ်စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရန်နှင့် အမြန်ဆုံးအသစ် ဝယ်ယူတပ်ဆင်ရန် လိုအပ်မှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် စီစဉ်ဆောင်ရွက်ပေးသည်။

သတင်းစဉ်