စေတုတ္တရာ၊ ၁၁ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ (၂၂)ရွာတွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်လျက်ရှိရာ မဏ္ဍပ်ကိုင်းကျေးရွာတွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၄၄ ဒသမ ၂၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မဏ္ဍပ်ကိုင်းကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းအား တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၄၄ ဒသမ ၂၅ သန်းဖြင့် အရှည် (၁ ဒသမ ၁၇)မိုင်ရှိ 11kv ဓာတ်အားလိုင်းနှင့် 11/0.4 kv 200 kva Transformer (၁)လုံး တပ်ဆင်ခြင်းလုပ်ငန်းအား မြို့နယ်လျှပ်စစ်ရုံးမှ ၂၀၂၀ ပြည့်နှစ် မတ် ၂၁ ရက်မှ စတင်၍ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းနှင့် မကြာမီ လျှပ်စစ်ဓာတ်အား စတင်ပေးပို့နိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံး မန်နေဂျာ ဦးညိုဝင်းသန့်ထံမှ သိရသည်။
ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးသောကြောင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၁၆၁)စုမှ လူဦးရေ (၆၃၇)ဦးအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


