စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ကျောင်းအပ်နှံနေမှုများအား ကြည့်ရှုအားပေး

မုံရွာ မေ ၃၀

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ပညာရေးမှူးများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေ ၂၉ ရက် နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(အလုံ)သို့ ရောက်ရှိကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ စိုက်ပျိုး/ မွေးမြူရေး အထက်တန်းကျောင်းနှင့် အခြေခံပညာအဆင့်အလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ကျောင်းအပ်နှံနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့်အတူ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ဘောပင်များနှင့် ခဲတံများအား ကျောင်းသား၊ ကျောင်းသူများထံ ထောက်ပံ့ပေးအပ်ကာ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်းရှိ စိုက်ပျိုး/မွေးမြူရေး အထက်တန်းကျောင်းသို့ရောက်ရှိရာ သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်းဆောင်အဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိရေးတို့အား တာဝန်ရှိသူများအား မှာကြားသည်။ ထို့နောက် အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ RC ၂ ထပ် ကျောင်းဆောင်အဆောက်အဦသစ် တည်ဆောက်ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)